သံတောင်ကြီး ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန် အဟုန်မြင့်ဆောင်ရွက်နေမှုများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာကျော်ကျော်လင်းနှင့် တွေ့ဆုံမေးမြန်းမှု အားဖော်ပြ အပ်ပါသည်။
မေး ။ သံတောင်ကြီးမြို့နယ်အနေနဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆောင်ရွက် နေတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးစေချင်ပါတယ်။
ဖြေ ။ သံတောင်ကြီးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အဝေး ကပြန်လာသူတွေိ၊ အနံ့မရသူတွေ၊ ရောဂါသံသယရှိသူတွေကို Facility Quarantine ထားရှိ ဆောင်ရွက်ပေးပါတယ်။ ကိုဗစ်-၁၉ Positive နှင့် ထိတွေ့မိတဲ့ လူတွေ၊ မိသားစုဝင်တွေ ကိုလည်း မိမိတို့ရဲ့နေအိမ်မှာ Lock Down ချပြီး Stay Home Quarantine ကိုလည်း ထားရှိ ဆောင်ရွက်ပေးထားပါတယ်။ ဌာနဆိုင်ရာ၊ စေတနာ့ဝန်ထမ်း ၊ဘာသာရေးအသင်းအဖွဲ့များ နဲ့ပူးပေါင်းပြီး မြို့ဝင်၊ မြို့ထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေဆောင်ရွက်ထားရှိခြင်း၊ Mask အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်၊ စည်းကမ်းချက် တွေကို ပြည်သူတွေသိရှိ အောင် လှည့်လည်ဆော်ဩခြင်း စတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ကုသရေးအနေနဲ့ ကိုဗစ်-၁၉ Positive လူနာတွေကို မြို့နယ်ပြည်သူ့ ဆေးရုံ နဲ့ နော်ဘူဘောဆုတောင်းတောင်ရှိ ရိပ်သာမှာ သီးခြားထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး။ တတိယလှိုင်းမှာ ဖြစ်တဲ့ ကိုဗစ်-၁၉ နဲ့ ရာသီတုတ်ကွေးလက္ခဏာတွေ ဆင်တူတယ်လို့ ပြောကြတဲ့အပေါ် ဆရာ့အနေနဲ့ ရောဂါလက္ခဏာကွဲပြားပုံကို ပြောပြပေး စေချင်ပါတယ်။
ဖြေ။ ရာသီတုတ်ကွေးရောဂါလက္ခဏာကတော့ စဖြစ်ဖြစ်ခြင်း ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာ ရေယိုတာ၊ စတာတွေဖြစ်တာ (၃)ရက်လောက်ပဲကြာမြင့်ပြီး၊ ကိုဗစ်-၁၉ ကတော့ လည်ပင်း နာတာတွေ၊ ဝမ်းဗိုက်မအီမသာ ဖြစ်တာတွေ၊ ဝမ်းပျော့ပျော့ သွားတာ ဝမ်းအရည်သွားတာတွေ အရေပြားမှာ အနီစက်လေးတွေပေါ်တာတွေ၊ မောပြီးမလှုပ်ရှားနိုင်တာတွေ အနံမရတာ၊ ဖျားတာ၊ နှာရေယိုတာ၊ ကိုက်ခဲတာ စတဲ့လက္ခဏာဖြစ်တာတွေကို (၂)ပတ်အထိကြာမြင့် တတ်ပါတယ်။
မေး။ ယခုလက်ရှိဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါက ကူးစက်မှုမြန်ဆန်တယ်လို့ပြောတဲ့အတွက် ကူးစက်မှုမခံရအောင် ဘယ်လိုနေထိုင်သွားရမယ်ဆိုတာတွေကို ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ကူးစက်မှုမခံရအောင် လက်ကို ခဏခဏ ဆေးကြောပေးဖို့လိုအပ်ပါတယ်။ Mask တပ်ဖို့၊ လူစုလူဝေးရှိတဲ့နေရာတွေ ရှောင်ရှားဖို့၊ တစ်ဦးနဲ့တစ်ဦး (၆)ပေအကွာ ခြားနေဖို့၊ အိပ်ရေးဝဝ အိပ်ဖို့၊ အစားအသောက်နဲ့ အရည်များများ စားသောက်ဖို့၊ ကိုယ်ခံစွမ်းအားကောင်းဖို့နဲ့ အဓိက ကတော့ အိမ်မှာပဲနေထိုင်ဖို့ လိုအပ်ပါတယ်။
မေး ။ သံတောင်ကြီးမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ အောက်ဆီဂျင်လိုအပ်ပါက အောက် ဆီဂျင်လုံလောက် မှုရှိရဲ့လားဆိုတာကို သိချင်ပါတယ်။
ဖြေ။ သံတောင်ကြီးမြို့နယ်အနေနဲ့ အခုလောလောဆယ် အောက်ဆီဂျင်လုံလောက်မှုရှိပါတယ်။ အကယ်၍ အောက်ဆီဂျင်ရှူရတဲ့လူနာများလာလို့ အောက်ဆီဂျင်လို အပ်ရင် ဒီမြို့မှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေ၊ ပရဟိတလူငယ်တွေ၊ ဒေသအာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး လိုအပ်မှုတွေ ဖြည့်စွက်ဖို့ အစီအစဉ်ရေး ဆွဲထားပါတယ်။ လိုအပ်တဲ့အောက်စီဂျင် တွေကိုလည်း သက်ဆိုင်ရာသို့တင်ပြတောင်းခံထားပါတယ်။
မေး။ ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပေးလဲဆိုတာ ပြောပြ ပေးစေချင်ပါတယ်
ဖြေ။ သံသယလူနာတွေ ၊ အနံ့မရသူတွေကိုတော့ Facility Quarantine ထားရှိပြီးဖျားနာပြီး ဆေးရုံလာ ပြတဲ့သူတွေကိုတော့ PUI အခန်းမှာ သီးသန့်ထားရှိပြီး ဆေးရုံမှာဆေးကုသမှုခံ ယူစေပါတယ်။ အဲဒီလူနာတွေကို(၃)ရက်အကြာမှာ RDTနဲ့ကိုဗစ်-၁၉ Positive ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးပါတယ်။အိမ်မှာဖျားတာ ၊ အနံ့ပျောက်တဲ့သူ တွေရှိတယ်လို့ သတင်းကြားရင် တစ်ခါတည်း ဆေးရုံကိုခေါ်ယူပြီး စစ်ဆေးမှုတွေပြုလုပ် ပေးပါတယ်။
မေး။ သံတောင်ကြီးမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေမှုအခြေအနေတွေကို သိချင်ပါတယ်။
ဖြေ။ သံတောင်ကြီးမြို့နယ်အတွင်းက လိပ်သိုမြို့မှာ ၃-၇-၂၀၂၁ ရက်နေ့က ရန်ကုန်ပြန် သုံး ယောက် ကနေစပြီး ကိုဗစ်-၁၉ ရောဂါပိုးကို စစ်ဆေးတွေ့ရှိပါတယ်။ သံတောင်ကြီး မြို့ မှာတော့ ၁၁-၇-၂၀၂၁ အနံ့ပျောက် လူနာတစ် ယောက် အားစစ်ဆေးရာ ထပ်မံတွေ့ရှိရ ပါတယ်။သံတောင်ကြီးမြို့နယ်မှာ ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ပတ် သက်ပြီး တော့ စုစုပေါင်း (၅၃)ဦးပိုးတွေ့ပြီး ကုသပြီးဆေးရုံဆင်းသူ(၁၈)ဦး ၊ကုသဆဲ (၃၄)ဦးနဲ့ သေဆုံးသူ(၁)ဦး ရှိပါတယ်။
မေး။ ထပ်မံဖြည့်စွက်ပြောလိုတာများရှိရင် ပြောပြပေးပါလားဆရာ . . .။
ဖြေ။ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့။ အဓိက ကတော့ အိမ်မှာသာ နေထိုင်ပြီး ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုမရှိအောင် ထုတ်ပြန်ထားတဲ့စည်းကမ်းချက်များနဲ့ အညီနေ ထိုင်ကြပါ။ မိမိကစကာကွယ်မှသာလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို လျော့ချနိုင် မှာဖြစ်ပါတယ်။
မြို့နယ်(ပြန်/ဆက်)