မိုးညို ဇူလိုင် ၂၆
မြို့နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာခံစားနေရသူများ အောက်ဆီဂျင် လုံလောက်စွာ ရရှိပြီးဆေးကုသမှုခံယူနိုင်ရေးအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအား ပဲခူး တိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ခြံမြေတွင် အဆောက်အဦစတင် ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံအား မိုးညိုမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီ အဖွဲ့မှဦးဆောင်ကာ အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း ၊အောက်ဆီဂျင် ထုတ်လုပ်မည့်စက်အား ကုမ္ပဏီတစ်ခုမှ မှာယူ ထားပြီးဖြစ်ကြောင်း၊ အဆောက်အဦ၊ စက်ပစ္စည်းတန်ဖိုးနှင့် အခြားလိုအပ်သောပစ္စည်းများ ဝယ်ယူရန်အတွက် ငွေကျပ် သိန်း (၁၅၀၀)ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ ယခုအခါ မြို့နယ်အတွင်းမှ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ဆက်သွယ်လှူဒါန်း လျက်ရှိကြောင်း စက်ရုံဖြစ်မြောက်ရေးကော်မတီ ထံမှသိရသည်။
ယခု တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံမြေဧရိယာမှာ ၆၆ ပေ ပတ်လည်ရှိပြီး အ ဆောက်အဦမှာ အလျား ၄၀ ပေ၊ အနံ ၂၅ ပေ ဖြစ်ကြောင်း၊ စက်ရုံအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု ပြီးစီးသွားပြီဆိုပါက မြို့နယ်အတွင်း ကိုဗစ်ရောဂါခံစားနေရသူများနှင့် အခြားအောက်ဆီဂျင်လိုအပ်သော လူနာ များအား များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း