မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မုံရွာ  ဇူလိုင်  ၂၆

 စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် အရာတော်မြို့၊ ပြည်သူ့ဆေးရုံ  ဆာဆာကာဝါခန်းမတွင် ကျင်းပသော အရာတော်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား စားသောက် ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ဖြစ်ပွားနေမှု မြင့်မားလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကိုလိုက်နာကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကိုလည်း အမြန်ဆုံးရရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အရာတော်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း “ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင်စိုးတို့က အရာတော်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ Positive လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် စားသောက်ဖွယ်ရာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အရာတော်မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အဖွဲ့ဝင် များသည် အရာတော်မြို့၊ သီရိရတနာခန်းမနှင့် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံတို့တွင် ကိုဗစ်-၁၉ Positive လူနာများကုသရေးစင်တာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး  ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်း၍ ဆောင်ရွက်သော အောက်ဆီဂျင်ဖြန့်ဖြူးရေးအစီအစဉ်အရ ထပ်မံရောက်ရှိလာသော ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး(၈၀၀)အိုး ရောက်ရှိ၍  နယ်မြေခံတပ်မတော်သားများမှ မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်း တွင် နေရာချထားပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် တို့သည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး အတွင်း အောက်ဆီဂျင်ဖြန့်ဝေပေးနိုင်ရေး လုပ်ငန်းညှိနိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်တို့က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ အောက်ဆီဂျင်လိုအပ်ချက်နှင့် အောက်ဆီဂျင် ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။   

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်တို့က တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင် လိုအပ်ချက်နှင့် အောက်ဆီဂျင် ရရှိမှုအခြေအနေများ ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်