ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကိုဗစ်-၁၉ ရောဂါ လှည့်လည်စစ်ဆေးယာဉ်ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ရန်ကုန် ဇူလိုင် ၂၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဆောင် လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် မှီခိုသူများအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြုလုပ်ခြင်းကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှိ ဝန်ထမ်းများသည် အကြောင်းအမျိုးမျိုးဖြင့် အများပြည်သူများနှင့် (၂၄)နာရီ အမြဲထိတွေ့နေရခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် စုပေါင်း နေထိုင် ရခြင်း စသည့် အခြေအနေများကြောင့် သွားရောက်စစ်ဆေးဆောင်ရွက်မှသာ ရောဂါပိုး ပျံ့နှံမှုအား အမြန်ဆုံးကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာရှိသူများ၊ အနံ့ပျောက်သူများအား ရောဂါပိုးရှာဖွေရန်အတွက် SML ရောဂါရှာဖွေရေး အထူးကျွမ်းကျင်သူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာကိုကိုထွန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဆက်ဆံ/ပြန်ကြား) ဌာနမှူး ဒေါက်တာတိုးအောင်တို့ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးတွင်၊ ဌာန(၁၈)ခုရှိပြီး ဝန်ထမ်း ပေါင်း(၈၀၀၀) ကျော်ရှိပါကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ရောဂါ လှည့်လည်ရေးယာဉ်ဖြင့် ရောဂါပိုး ရှိ/မရှိကို ဇူလိုင်(၂၂)ရက်နေ့၌ စတင်စစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လူတစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် စစ်ဆေးပေးပါကြောင်း၊ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ (၁) နာရီမှ (၃)နာရီအထိ တစ်ကြိမ်၊ တစ်နေ့နှစ်ကြိမ် ဆောင်ရွက်ပေးပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လှည့်လည်စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးခြင်းဖြင့် (၁၀)မိနစ် အချိန်အတွင်း အဖြေ ချက်ခြင်းသိရှိရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဇူလိုင်လ(၂၂)ရက်နေ့တွင် ဝန်ထမ်း ၁၉ ဦး မှီခို ၂၅ ဦး စုစုပေါင်း ၄၄ ဦးကိုလည်းကောင်း၊ ဇူလိုင်(၂၃)ရက် နေ့တွင်ဝန်ထမ်း ၃၀ ဦး၊မှီခို ၃၇ ဦး စုစုပေါင်း ၆၇ ဦးကိုလည်းကောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဝန်ထမ်း ၁၂ ဦး၊ မှိခို ၃၀ ဦး စုစုပေါင်း ၄၂ ဦး ကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ဝန်ထမ်း ၁၃ ဦး၊ မှီခို ၃၈ ဦး စုစုပေါင်း ၅၁ ဦး ရှိခဲ့ပါကြောင်း အဆိုပါ ပိုးတွေ့လူနာများကို မအူကုန်း ကိုဗစ် ကုသရေး စင်တာသို့ တိုက်ရိုက်ပို့ဆောင် ကုသပေးလျက် ရှိပါကြောင်း၊ အဆိုပါ မအူကုန်း ကိုဗစ် စင်တာတွင် လူနဦးရေ (၁၀၀) ဦးကို ကုသပေးနိုင်ပါကြောင်း၊ Oxygen လည်း အခမဲ့ ထားရှိပါကြောင်း ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဆက်ဆံ/ပြန်ကြား) ဌာနမှူး ဒေါက်တာတိုးအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်