ရန်ကုန် ဇူလိုင် ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော ပြည်သူများအနေဖြင့် အောက်ဆီဂျင် ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေ ရေးနှင့် အမှန်တကယ် လိုအပ်နေသူများ လက်ဝယ်ရရှိစေရေးတို့အတွက် ယမန်နေ့ ည ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်များ ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးအောင်က “အဓိကကတော့ အပြင်မှာအောက်ဆီဂျင်တွေ ကို တန်းစီတိုးနေကြတော့ ရောဂါပိုးတွေ ပိုကူးစက်မှုတွေရှိနိုင်တဲ့အပြင် တကယ်လိုအပ်နေသူတွေ မရရှိဘဲ မသမာသူတွေ၊ အမြတ်တင် ရောင်းတဲ့သူ တွေဆီ ရောက်သွားတာမျိုးတွေ မရှိအောင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်းစီရဲ့ လမ်းညွှန်ချက်တွေနဲ့ ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေတာ ပါ” လို့ ပြောကြားခဲ့ပါ တယ်။ ပြည်သူများထံသို့ အောကဆီဂျင် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မင်းဓမ္မလမ်း MEC စက်ရုံမှ အောက်ဆီဂျင် (၄၀) လီတာအိုး (၁၀) အိုး ထုတ်ယူခဲ့ပြီးနောက် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အောက်စီဂျင် အမှန်တကယ် လိုအပ်နေသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်ဖြင့် လိုအပ်သူတစ်ဦးလျှင် (၁၀) လီတာအိုး (၁)အိုးစီဖြင့် ရရှိအောင် ဖြန့်ဖြူးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
အောက်စီဂျင်များကို ယခုကဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖြန့်ဖြူးပေးမှုကြောင့် ယခင် ကထက်ပိုမိုအဆင်ပြေကြောင်းကို ပြည်သူတစ်ဦး က “အခုလိုပေးတာက တကယ်လိုအပ်နေသူ ဆီကို တိုက်ရိုက်ရောက်တော့ စိတ်ချမ်းသာတယ်။ ငွေကြေးတစ်စုံတစ်ရာ ပေးရတာလဲမရှိဘူး။ အရင်က ဆို အောက်ဆီဂျင်လိုရင် ဘယ်ပြေးရမလဲမသိဘူး။ အခုကတော့ တော်တော် အဆင်ပြေပါတယ်။ ကျေးဇူး လည်းတင်ပါတယ်” လို့ ပြောကြားခဲ့သည်။
အောက်ဆီဂျင်ဖြန့်ဖြူးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှု ဖြင့် မြို့နယ်အောက်ဆီဂျင်ဖြန့်ဖြူးရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ် အတွင်းရှိ ပရဟိတအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်းနှင့် လာရောက်ထုတ်ယူသူများ အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် Social Distancing နှင့်အညီ တန်းစီထုတ်ယူခြင်းများကို လည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ