ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည့် ချောင်းလက်တက်များနှင့် ဇမိမြစ်ရေလျှံမှုဖြစ်ပေါ်ပြီး မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၆)ရပ်ကွက် မြေနိမ့်ပိုင်း၌ နေထိုင်သည့် လူနေအိမ်များသို့ ရေများဝင်ရောက် နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ပွားမှုကြောင့် အိမ်ထောင်စု (၈၈)စုမှာ ရေဘေးရှောင် စခန်းသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီမံဆောင်ရွက် လျက်ရှိပြီး ဌာနဆိုင်ရာများ မီးသတ်တပ်ဖွဲ့ဝင်များ လုမှုရေး အသင်းအဖွဲ့များမှ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးရှောင် ပြည်သူများ အား ရေဘေးရှောင်စခန်းတွင် အဆင်ပြေစွာ နေထိုင်စားသောက် နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ ငါးသေတ္တာများအား ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုက အမှတ်(၆) ရပ်ကွက်ရှိ ဆိုင်ကလုံးစင်တာ ရေဘေးရှောင်စခန်းသို့ သွားရောက်ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အိမ်ထောင်စု(၈၈)စုအား ရက်သတ္တပတ်စာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အလာတူ အမှတ်(၁)ရပ်ကွက်ရှိ ရိုမန်ကတ်သလစ်အသင်းတော်မှ ရေဘေးရှောင်ပြည်သူအိမ်ထောင်စု(၈၈)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်အိတ် တစ်အိတ်နှုန်းဖြစ် ဆန်အိတ် စုစုပေါင်း(၉၀)အိတ်အား သွားရောက်ထောက်ပံ့လှူန်းဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး