ထားဝယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

ထားဝယ်  ဇူလိုင်  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်း က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ မြစံပယ်လမ်းတွင် အရှည်(၃၀၀)ပေခန့်နှင့်ရေအမြင့်(၁)ပေခန့် မြင့်တက်နေသဖြင့် ယာဉ်ငယ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ရနေပြီး ရှမ္မလည်ဆွဲ ရပ်ကွက်၊ ဆေးရုံလမ်းတွင် အရှည်(၂၀၀)ပေခန့်နှင့်ရေအမြင့်(၁)ပေခွဲခန့် မြင့်တက်နေရာ ဆိုင်ကယ်နှင့် ယာဉ်ငယ်များဖြတ်သန်းသွားမရရှိဘဲ ယာဉ်ကြီးများသာဖြတ်သန်းသွားလာ၍ ရကြောင်း သိရသည်။

အလားတူ ထားဝယ်မြို့၊ ထားဝယ်-မေတ္တာလမ်းပိုင်း တလိုင်းတောင်ကျေးရွာနှင့်ကသန်းကျေးရွာ (မိုင်တိုင်အမှတ်၇/၃နှင့်၀/ ၄ကြား)အရှည်(၄၀၀)ပေခန့်အမြင့် (၃)ပေခွဲခန့်၊ မြင့်တက်နေမှုကြောင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်(ထားဝယ်)