ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉လူနာ (၂၅)ဦး ဆေးရုံမှဆင်းခွင့်ပြု

ညောင်ရွှေ      ဇူလိုင်  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနှင့် ဟဲယာရွာမတိုက်နယ်ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉လူနာများအနက် ကျန်းမာရေးကောင်းမွန်လာသူ (၂၅)ဦးကို ယမန်နေ့နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာ ဆေးရုံများမှ ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆေးကုသမှုခံယူလျက်ရှိသည့် ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံမှ (၁၀)ဦး၊ နန်းပန်ပြည်သူ့ဆေးရုံမှ (၁၁)ဦး၊ ဟဲယာရွာမတိုက်နယ်ဆေးရုံမှ (၄)ဦးတို့ကို ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ၎င်းတို့၏နေအိမ်များ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်တွင် ဇွန် ၂၃ ရက်မှ ဇူလိုင် ၂၅ ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၆၇၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၄ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၆၁ဦး၊ ဆေးကုသမှုခံယူလျက် ရှိသူ ၃၈၈ဦး ရှိကြောင်း သိရသည်။

နေမျိုးသူရိန်