အောင်မြေသာစံ ဇူလိုင် ၂၆
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်ရှိ ဒေါ်ဖီဓမ္မာရုံတွင် ပြုလုပ်သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုအဆင့်(၁)ဆရာမဒေါ်သန်းသန်းဆင့် ဦးဆောင်၍ သူနာပြုဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm China)ကို အမရဌာနီအရှေ့ရပ်ကွက်မှ(၁၁)ဦး၊ အမရဌာနီ အနောက်ရပ်ကွက်(၁၁)ဦး၊ ဥပုသ်တော်ရပ်ကွက်မှ(၁၁)ဦး၊ အိုးဘိုရွှေကျင်ရပ်ကွက်မှ(၇)ဦး၊ ညောင်ကွဲရပ်ကွက်မှ(၁၀)ဦး၊ စုစုပေါင်းအသက်(၆၅)နှစ်နှင့်အထက်ရှိ အသက်အရွယ်ကြီးရင့်သူ ကျား(၂၆)ဦးနှင့်မ(၂၄)ဦး စုစုပေါင်း(၅၀)ဦးတို့အား ပထမအကြိမ် ကာကွယ် ဆေးထိုးနှံပေး ကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီတာဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းဦးနှင့် သက်ဆိုင်ရာ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြကာ အမှတ်(၄)နယ်မြေ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ်ရန်လင်းကျော်နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးကြသည်။
အဆိုပါ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောင်မြေသာစံမြို့နယ်တွင် အမရဌာနီအရှေ့ ရပ်ကွက်တွင် ဒေါ်ဖီဓမ္မာရုံ၊ ဒေါနဘွားရပ်ကွက်တွင် မုန်တိုင်ဓမ္မာရုံ၊ ပြည်ကြီးရန်လုံရပ်ကွက်တွင် ကိုးခန်းကြီးဓမ္မာရုံနှင့် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်တွင် ရွှေကျီးမြင်ဘုရားတို့တွင် နေရာ(၄)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်နေရာလျင် ဦးရေ(၅၀)ဦးစီဖြင့် စုစုပေါင်းဦးရေ(၂၀၀)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)