ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇမိမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည့် ချောင်းလက်တက်များနှင့် ဇမိမြစ်ရေလျှံမှုဖြစ်ပေါ်ပြီး မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၆) ရပ်ကွက် မြေနိမ့်ပိုင်း၌ နေထိုင်သည့်လူနေအိမ်များသို့ ရေများဝင်ရောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ပွားမှုကြောင့် အိမ်ထောင်စု(၈၈)စုမှာ ရေဘေးရှောင်စခန်းသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီမံ ဆောင်ရွက်လျက်ရှိပြီးဌာနဆိုင်ရာများ မီးသတ်တပ်ဖွဲ့ဝင်များ လုမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များအနှင့်အညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးရှောင်ပြည်သူများအား ရေဘေးရှောင်စခန်းတွင် အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ၊ ငါးသေတ္တာများအား ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုက အမှတ်(၆)ရပ်ကွက်ရှိ ဆိုင်ကလုံးစင်တာ ရေဘေးရှောင်စခန်းသို့သွားရောက်ပြီး ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အိမ်ထောင်စု(၈၈)စုအား ရက်သတ္တပတ်စာ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
အလားတူ အမှတ်(၁)ရပ်ကွက်ရှိ ရိုမန်ကတ်သလစ်အသင်းတော်မှ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု(၈၈)စုအတွက် အိမ်ထောင်စုတစ်စုလျင် ဆန်(၈)ပြည် အိတ်တစ်အိတ်နှုန်းဖြင့် ဆန်အိတ်စုစုပေါင်း(၉၀)အိတ်အား သွားရောက်ထောက်ပံ့လှူန်းဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး