မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

 

မိုင်းယောင်း ဇူလိုင် ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းအား မိုင်းယောင်းနှင့် မိုင်းယုမြို့မှ အလှူရှင်များက အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့က လာရောက်လှူဒါန်းကြောင်း သိရသည်။

 

ကြက်ခြေနီအသင်းအတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မိုင်းယောင်းမြို့ အမှတ်(၈)ရပ်ကွက်မှ စိုင်းဇေယံလွမ်းမိုးက အလှူငွေ ကျပ်တစ်သိန်း၊ ဝမ်လွတ်ကျေးရွာမှ အလှူရှင်တစ်ဦးက ထိုင်းဘတ်ငွေ ၂၂၀၀ ဘတ်နှင့် တရုတ်ယွမ်ငွေ ယွမ် ၁၀၀၊ မိုင်းယုမြို့မှ အောင်ရိုးရာအထည်ဆိုင်တိုင်းလိကုန်စုံဆိုင်မိုးမခအထည်ဆိုင်၊ Sky Mobile နှင့် စိုင်းဒုန်းကျောက်တို့မှ အလှူငွေ ကျပ်တစ်သိန်းနှင့် တစ်ထုပ်လျှင် အခု ၁၀ ပါသော ပါးစပ်နှင့်နှာခေါင်းစည်း စုစုပေါင်း အထုပ် ၂၀ အား လာရောက်လှူဒါန်းခဲ့ကြရာ ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်က လက်ခံရယူခဲ့သည်။

 

ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း