ကော့သောင်းမြို့တွင် ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သူများအား မိုဘိုင်းအသွင်သဏ္ဍန်ဖြင့် အရေးယူမှုလုပ်ငန်းများ မြို့အနှံ့လှည့်လည် ဆောင်ရွက်

ကော့သောင်း ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ် တုံ့ပြန်ရေး ကော်မတီကကြီးကြပ်ကာ ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ပါးစပ်နှာခေါင်းစည်း မတပ်ဆင် သူများအား မိုဘိုင်းအသွင်သဏ္ဍန်ဖြင့် အရေးယူမှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက  မြို့အနှံ့ လှည့်လည် ကြပ်မတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 

အရေးယူဆောင်ရွက်မှုတွင်  မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက် အလိုက်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့မှ မိုဘိုင်းအသွင်သဏ္ဍန်ဖြင့်  မြို့အနှံ့ အဓိက လမ်းမကြီးများ၊ လမ်းသွယ်၊လမ်းကြားများ၊အိမ်ဆိုင်များ၊ စည်ပင်သာယာဈေးများအတွင်းအထိ  ပါးစပ်နှာခေါင်းစည်းမတပ်ဆင်ဘဲ လမ်းထွက်သွား လာနေကြသူများ၊ ဈေးရောင်းဈေးဝယ် လုပ်နေသူများအား ရှောင်တခင်လိုက်လံစစ်ဆေးကြပြီး စစ်ဆေးတွေ့ရှိပါက ရဲအချုပ်ယာဉ်ဖြင့် ယာယီချုပ်နှောင်ထားပြီး ဒဏ်ငွေရိုက်ကာ ထပ်မံကျူးလွန်ပါက သဘာဝဘေးဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း၊ ခံဝန်ကတိလက်မှတ်ထိုးစေခြင်းကို တင်းကြပ်စွာ ဆောင်ရွက် ကြခြင်းဖြစ်ကြောင်း သိရသည်။

တကျော့ပြန်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနေသည့်ကိုဗစ်၁၉ရောဂါ ကူးစက်မှုတွင် ကော့သောင်းမြို့နယ်အတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် နေ့စဉ်နီးပါး ရောဂါပိုးတွေ့ရှိသူများ ပေါ်ထွက်လျက်ရှိရာ ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက် လျက်ရှိရာမြို့နေပြည်သူများ   လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ဒေသန္တရအမိန့် ညွှန်ကြားချက်များထုတ်ပြန်ကာ ကျယ်ကျယ် ပြန့်ပြန့် အသိပေးထားပြီးဖြစ် သော်လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ယခုကဲသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ပြောဆိုချက်အရသိရသည်။

ကျော်စိုး (ကော့သောင်း)