ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် မြို့ဝင်/မြို့ထွက်ဂိတ်များနှင့် မြို့တွင်းသွားလာနေကြသော ပြည်သူများ ဈေးဝယ်ကတ်နှင့် ဆေးရုံ/ဆေးခန်းသွားလာခွင့်ကတ် စစ်ဆေးနေခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုတို့အားသွားရောက် ကြည့်ရှု့စစ်ဆေး

မုံရွာ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်တွင် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ မုံရွာမြို့ မြို့ဝင်/မြို့ ထွက်ဂိတ်များနှင့် မြို့တွင်းဈေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်းသွားလာခွင့်ကတ် စစ်ဆေးနေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် (၂၈၇/၂၀၂၁)ဖြင့် ၂၀၂၁-ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်မှစတင်၍ မုံရွာမြို့နယ်အား (Stay at Home) သက်မှတ်ကြေညာခဲ့သဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ နေထိုင်စေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများတွင် ကျယ်ကျယ် ပြန့်ပြန့် အသိပေး ကြေညာခဲ့ကြောင်းနှင့် ရပ်ကွက်နှင့်ကျေးရွာများနေ ပြည်သူများ အနေဖြင့် မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်စေရေးနှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရန် ရှိပါက ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ရန်နှင့် နေအိမ်ပြင်ပ သွားလာရန်အတွက် သက်မှတ်ထားသော ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဈေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်း သွားလာကတ်၊ ဝင်/ထွက်ခွင့် ကတ်များအား သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင် များသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး သာသနာ့ဗိမာန်အနီး စစ်ဆေးနေမှုအား လည်းကောင်း၊ မုံရွာတောင် ရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီး စစ်ဆေးနေမှုအားလည်းကောင်း၊ မြဝတီရပ်ကွက်၊ ကျောက္ကာလမ်း တွင် စစ်ဆေးနေမှုအားလည်းကောင်း၊ ကန်သာဦးရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် စစ်ဆေးနေမှု အား လည်းကောင်း၊ အိုးဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အောင်မင်္ဂလာအဝိုင်းတွင် စစ်ဆေးနေမှု အား လည်းကောင်း၊ မုံရွာမြို့ဝင် အလုံရပ်ကွက်၊ မင်းဒေါင့်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ နေမှုတို့အား လည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မီးသက်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များထံ ပါးစပ်/နှာခေါင်းစည်း (Mark) များနှင့် ဟန်းဂျယ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။