ချောက် ဇူလိုင် ၂၅
မကွေးခရိုင်၊ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအဖွဲများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်(၂)နာရီက ချောက်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင် က ရှင်းလင်းပြောကြားရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Call Center ဖွင့်လှစ်ဆောင်ရွက်မှု၊ အသိပညာပေး လုပ်ငန်းများ အရှိန်ဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Quarantine Center တွေမှာထားရှိသူများကို နေ့စဥ်အာဟာရကျွေးမွေးခြင်းကို အလှူရှင်သွေးမေတ္တာအသင်းက လှူဒါန်း ကျွေးမွေးနေကြောင်း၊ ပရဟိတအနေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း ကျေးဇူးလည်း အထူးတင်ပါကြောင်း၊ လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်တင်ပြ ပေးသွား မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အလျင်အမြန် စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးများကို မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်သည့်အတွက် ဆေးထိုးရန်ကျန်ရှိသော ဝန်ထမ်းများ၊ ပြည်သူများ ထိုးနှံနိုင်ရေးအတွက် စာရင်းများ ကြိုတင်ပြုစုထားစေလိုကြောင်း စသည်တို့ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ချောက်မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအဖွဲ့တို့က မိမိတို့ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်သွားမည့် အခြေအနေများ နှင့် Quarantine Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ဆွေးနွေးပြောကြားရာ ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ဇူလိုင်လ(၂၄)ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း(၁၄၃)ဦး၊ ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ (၂၁)ဦးနှင့် သေဆုံးသူ(၂)ဦးရှိကြောင်း ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌထံမှ သိရသည်။
မချို