ချောင်းဦး ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမြင့်နည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေဖြစ်သော ရွှေဒါးကျကျေးရွာနှင့် ဆူးလေကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးဆင်းသုခ (RS) မျိုးစေ့ထုတ် တောင်သူများအား ယနေ့နံနက်(၁၀)နာရီ အချိန်က နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
နည်းပညာပေးကွင်းဆင်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက မိုးစပါးဆင်းသုခ မျိုးစေ့ထုတ် တောင်သူများကို စိုက်ကွက်တွင် ပျိုးသက် (၂၁) ရက်သားတွင် ချက်ချင်းနုတ်၊ ချက်ချင်းစိုက်စနစ်ဖြင့် ခြောက်တန်းတစ်တန်းလှပ် စတင်စိုက်ပျိုးခြင်း ဆောင်ရွက်ရန် ပြောကြားပြီး၊ ရွှေဒါးကျကျေးရွာနှင့် ဆူးလေကုန်းကျေးရွာမှ ကွင်းကြီးကြပ် တာဝန်ခံ ဦးကျော်သူရထွန်းနှင့် ဦးအောင်ကျော်သူတို့က မျိုးစေ့ထုတ်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ရှေ့ဆက်လုပ်ဆောင်ရမည့် အပင်ပြုစုခြင်း၊ မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါ ကင်းထောက်ခြင်း လုပ်ငန်းများကို မျိုးစေ့ထုတ်တောင်သူများအား နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရွှေဒါးကျကျေးရွာနှင့် ဆူးလေကုန်းကျေးရွာမှ မိုးစပါးဆင်းသုခ မျိုးစေ့ထုတ် တောင်သူများက သိရှိလိုသိများကို မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက အကျယ်တ၀င့် ပြန်လည်ရှင်းလင်း ပြောပြခဲ့သည်။
နည်းပညာပေး ကွင်းဆင်းရာသို့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၊ စိုက်ပျိုးရေးကွင်းကြီးကြပ်တာဝန်ခံ ဦးကျော်သူရထွန်းနှင့် ဦးအောင်ကျော်သူ၊ ရွှေဒါးကျကျေးရွာ နှင့် ဆူးလေကုန်းကျေးရွာမှ မိုးစပါးဆင်းသုခ မျိုးစေ့ထုတ် တောင်သူများ တက်ရောက်ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)