ပွင့်ဖြူ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ယာယီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် က လတ်တလောဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါသည် လျင်မြန်စွာ ကူးစက် ပျံ့နှံ့နေသဖြင့် ပိုးတွေ့အတည်ပြုလူနာတွေ့ရှိမှုဦးရေ မြင့်တက်လာနေကြောင်း ၊ မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု အန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ကုသခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများနှင့် ပတ်သက်ပြီး မိမိတို့ရပ်ရွာအလိုက် အများပြည်သူ သိရှိလိုက်နာနိုင်ရေး အသိပေး နှိုးဆော်သွားကြစေလိုကြောင်း ၊ နေရပ်ပြန်လာသူများရှိပါက သတ်မှတ် Quarantine Centre များတွင် စနစ်တကျ နေထိုင်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်ပြီး အများပြည်သူသိရှိလိုက်နာ ကာကွယ်နိုင်ရန် အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း ၊ မြို့နယ်သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးအောင်မျိုးဆက် က ကိုဗစ်ပိုးတွေ့အတည်ပြု လူနာများအတွက် အရေးပေါ် အောက်ဆီဂျင်လိုအပ်ပါက အသင်းမှ ကူညီဆောင်ရွက်ပေးနေမှုများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့နယ်မြေအလိုက် ကိုဗစ်ပိုးတွေ့လူနာများစာရင်းနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ ၊ နေရပ်ပြန်လာသူများ ရောက်ရှိလာပါက Quarantine ထားရှိမှုများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ မြို့နယ်ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ယာယီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်