ကျိန္တလီမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်အား  ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ကျိန္တလီ ဇူလိုင် ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ခံဆရာဝန် ဒေါက်တာ အောင်ခင်ထွေးအား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  ယမန်နေ့နံနက် (၁၀)နာရီက တွေ့ဆုံမေးမြန်းခြင်း များပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။

ထို့သို့ တွေ့ဆုံမေးမြန်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ တာဝန်ဆရာခံဆရာဝန် ဒေါက်တာအောင်ခင်ထွေးအား မေးမြန်းရာ-မေး။ ပြည်သူတွေအနေနဲ့ ကိုဗစ်-ရောဂါလက္ခဏာတွေရှိလာရင် ဘယ်လိုဆက်သွယ်ဆောင်ရွက် ရမလဲ?

ဖြေ။ ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါလက္ခဏာတွေရှိလာရင် သက်ဆိုင်ရာ ကျန်းမာရေးဌာန လူမှုကွန်ယက်ပေါ်တွင် ဆက်သွယ်ရန်တင်ပေးထားသော ဖုန်းနံပါတ်များအား ဆက်သွယ်၍ သော်လည်း ကောင်း၊ ရပ်ကွက်/ကျေးရွာများရှိ နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြီး အကူအညီ တောင်း ခံနိုင်ပါတယ်။

မေး။ ကိုဗစ်ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ?

ဖြေ။ကိုဗစ်ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ စစ်ဆေးပေးနေတာက တော့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် WHO ကအသိအမှတ်ပြုထားတဲ့ Rapid Diagnostic test (R D T Test Kit) နှင့် ကျိန္တလီမြို့ဆေးရုံတွင် စစ်ဆေးပေးနေပါတယ်။

မေး။ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီဆိုရင် ဘယ်လိုဆောင်ရွက်ပေးပါသလဲ?

ဖြေ။ ကိုဗစ်ရောဂါပို့တွေ့ရှိပြီဆိုရင်တော့ ယခင်က ပိုးတွေ့လူနာများကို ဂွမြို့နယ်ပြည်သူ့ဆေးရုံ သို့ ဆေးကု သမှုခံယူရန် ပို့ဆောင်ပေးခဲ့ရပြီး ယခုအခါ ကျိန္တလီမြို့ပြည်သူ့ဆေးရုံဟောင်းတွင် ကိုဗစ်ကုသရေးစင်တာ ဖွင့်လှစ်၍ ပိုးတွေ့လူနာများအား ဇူလိုင်လ(၂၂)ရက်နေ့မှစတင်ကာ ကုသ ပေးနေပါတယ်။

မေး။ ပိုးတွေ့လူနာများ Quaratine ဝင်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ဘယ်လိုစီစဉ်ထားတယ်ဆိုတာလည်း ဖြေကြားစေလိုပါတယ်?

ဖြေ။ ကျိန္တလီမြို့မှာ Quaratine Centre သီးသန့်ဖွင့်လှစ်ထားခြင်းမရှိပါဘူး။

မေး။ ဘယ်လိုရောဂါလက္ခဏာမျိုးပြသရင် စိုးရိမ်ရတဲ့အခြေအနေခေါ်ပါသလဲ?

ဖြေ။ ကိုဗစ်-၁၉ရောဂါဟာအသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ရောဂါဖြစ်တဲ့အတွက် အသက်ရှုကြပ်ခြင်း ၊မောပန်းခြင်း၊သွေးထဲကအောက်စီဂျင်ပမာဏ ကျဆင်းတာတွေဟာ စိုးရိမ်ရ တဲ့အခြေအနေလို့ ပြောလို့ရပါ တယ်။

မေး။ လူနာတွေအတွက် Oxygen လိုအပ်ချက်များကို ဘယ်လိုစီစဉ်ထားပါသလဲ?

ဖြေ။ ကျွန်တော်တို့ ကျိန္တလီဆေးရုံမှာ အောက်ဆီဂျင်လိုချက်များရှိတဲ့အတွက် ဂွမြို့နယ်မှ တောင်းခံထားပြီး ကျိန္တလီမြို့ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့်ချိတ်ဆက်၍ လည်း ဝယ်ယူရန်စီစဉ်ထားပါတယ်။

မေး။ ကိုဗစ်ဖြစ်လာရင် ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ?

ဖြေ။ ကိုဗစ်ဖြစ်လာပြီဆိုရင်တော့ ကိုယ်ခံစွမ်းအားမြင့်တက်နေဖို့ လိုပါတယ်။ဒါကြောင့် ကိုခံစွမ်းအားကို မြင့်တက်စေမဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့လိုပါတယ်။ လိုအပ်တဲ့ရေနဲ့အာဟာရ၊ ဓါတ်ဆား စသည်တို့ကိုဆောင်ထားဖို့လိုပါတယ်။ ဆေးလိပ် ၊ အရက် ၊ ကွမ်းစားတာတွေကိုရှောင်ရှားဖို့ လိုပါတယ်။

မေး။ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် အသိပညာပေးလုပ်ငန်းကို ဘယ်လိုဆောင်ရွက် ထားပါသလဲ?

ဖြေ။ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် အသိပညာပေးလုပ်ငန်းများ အနေနဲ့ လူနေထူထပ်ပြီး လူသွားလူလာ များတဲ့နေရာတွေမှာ (Mask Campaign) လှုပ်ရှားမှုများကို အပတ်စဉ် ဆောင်ရွက်ပြီးတော့ ဗီနိုင်းပိုစတာစိုက်ထူခြင်း ၊အသံချဲ့စက်ဖြင့်လှည့်လည်ဆော်ဩခြင်းများကို ရောဂါထိန်းချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

မေး။ လက်ရှိဆေးရုံတက်နေတဲ့လူနာဦးရေ၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူဦးရေ (ပြန်လည် ကျန်းမာလာမှုအခြေအနေ)ကိုသိချင်ပါတယ်?

ဖြေ။ ယခင်က ပိုးတွေ့လူနာ(၃၅)ဦးအား ဂွမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၅)ဦးရှိပြီဖြစ်ပါတယ်။ ၂၂ရက် နေ့မှစတင်ကာ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံဟောင်းတွင် ကိုဗစ်ကုသရေးစင်တာ ဖွင့်လှစ်၍ ပိုးတွေ့လူနာ(၇)ဦးကို ကုသပေးလျက်ရှိပါတယ်။

မေး။ အခြားဖြည့်စွက် ပြောကြားလိုမှုတွေရှိပါက ဖြေကြားစေလိုပါတယ်?

ဖြေ။ ဒီကိုဗစ်ရောဂါကို ပြည်သူတစ်ဦးတစ်ယောက်ခြင်း ၊ တစ်မိသားစုခြင်းတို့က ကျန်းမာရေး ဌာနမှ ညွှန်ကြားထားသော ကာကွယ်ရေးအသိပညာပေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှသာလျှင် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်အား ကပ်ရောဂါအန္တရာယ်ဆိုးမှ ကာကွယ်ရာရောက်ပြီး ရောဂါကူးစက်မှုများကို အချိန်မီထိန်းချုပ်နိုင်မှာဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

ကျိန္တလီ (ပြန်/ဆက်)