ရခိုင်ပြည်နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၁) ကျင်းပ

စစ်တွေ ဇူလိုင် ၂၅ ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၈/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို နေ့စဉ်ဆောင်ရွက်နေသည့်အခါ အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ယနေ့အစည်း အဝေးတွင် ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြပြီး မည်ကဲ့သို့ ဖြေရှင်းမည်၊ မည်ကဲ့သို့လုပ်ဆောင်လျင် အောင်မြင်မည်ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြန်လည်သုံးသပ်ပြီး ယခုထက်ပိုမိုကောင်းမွန်အောင် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်လျင် ပိုကောင်းနိုင်မည်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက် အားသာချက်များအား မည်ကဲ့သို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်အောင်မည်ကို တက်ရောက်လာကြသော ကော်မတီဝင်များ၊ မြို့မိ၊ မြို့ဖများ လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်း အကြံပြုဆွေးနွေး တင်ပြကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အောက်ဆီဂျင် လိုအပ်ချက်များအား စီစဉ်ဆောင်ရွက်ဖြည့် ဆည်းပေးနေမှု၊ အောက်ဆီဂျင်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုနှင့်ကျန်းမာရေး ဝန်ထမ်းများ၏ အရေးပါမှုကဏ္ဍ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်မှုရလာဒ်များ၊ ပြည်သူများ ပူးပေါင်းပါဝင်လာရန် အရေးကြီးမှုနှင့် အသင်းအဖွဲ့များ ပူးပေါင်းကာ စားဝတ်နေရေး အခက်အခဲဖြစ်နေသော ပြည်သူများသို့ ကူညီဆောင်ရွက်စီစဉ်နေမှုတွင် ပူးပေါင်းပါဝင်ဖြည့်ဆည်းပေးမည့် အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်အဆင့် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ပြည်နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၁) ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ် အဆင့် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသကိုယ်စားပြု သူများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့မှု အခြေအနေ၊ ပြည်သူအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာနိုင်ရေး၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသူများ၏ အခြေအနေ၊ ကိုဗစ်လူနာများအတွက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ စားသောက်ရေးအတွက် စီစဉ်ပေးနေမှုအခြေအနေ၊ ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပစ္စည်းများ ဖြန့်ဝေထားရှိမှု အခြေအနေ၊ မြို့နယ်ဆေးရုံများတွင် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသော ပြည်သူများသို့ ကူညီထောက်ပံ့နိုင်ရန် စီစဉ်နေမှု ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ သတင်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ဆွေနွေးတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းမှူးက ဖြည့်စွက်ရှင်းလင်းပေးပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လူမှုရေး အသင်းအဖွဲ့ (၉) ဖွဲ့အတွက် တစ်ဖွဲ့လျင် သိန်း (၂၀)နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ တင်ထွန်း