ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျပ်သိန်း ၂၀၀၀ နီးပါးကုန်ကျခံ၍ အောင်စီဂျင်စက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိ

မောင်တော ဇူလိုင် ၂၅ ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ယခုအခါ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများပြားလျက်ရှိပြီး အတည်ပြုလူနာ အချို့ကို အောက်စီဂျင်ပေးထားရသည့် အခြေအနေများကြောင်း အောက်စီဂျင်ပြတ်လတ်မှု မရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ်သိန်း ၂၀၀၀ နီးပါးကုန်ကျခံ၍ အောင်စီဂျင် စက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အောက်စီဂျင် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ “ကျွန်တော်တို့မြို့နယ်အနေဖြင့် အောက်စီဂျင်ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းပြီး အလှူငွေများကို လက်ခံ ဆောင်ရွက်လျက်ရှိရာ မောင်တောမြို့နေပြည်သူများ နှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် ငွေကျပ် သိန်း ၂၀၀၀ နီးပါးကုန်ကျခံ၍ အောင်စီဂျင် စက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး အောက်စီဂျင် ထုတ်တဲ့စက်နှင့် အောက်စီဂျင်အိုးများကို မှာယူထားပြီးပြီ၊ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ နောက်ဆုံး ပတ်တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားပါတယ်၊ အောက်စီဂျင် စက်ထားရှိရန် နေရာရှိထားပြီး ဖြစ်ကြောင်းနှင့် စက်ရုံတစ်ခုလုံးပြီးစီးဖို့အတွက် ငွေကျပ်သိန်း ၂၀၀၀ နီးပါး ခန့်မှန်းထားကြောင်း အလှူရှင်များလည်း လိုအပ်လျက်ရှိပါတယ် ၊ ကိုဗစ်-၁၉ အတည်ပြု အောက်စီ ဂျင်ရှူ နေရသူများ အနေဖြင့် ဓါတ်မှန်ရိုက်ရန် လိုအပ်ပါက အနီးတွင် ပြုလုပ်နိုင်ရန်အတွက် ဓါတ်မှန်စက်ကိုလည်း ဝယ်ယူနိုင်ရေး စီစဉ် ဆောက်ရွက်လျက် ရှိကြောင်းနှင့် အောက်စီဂျင် စက်ရုံလည်ပတ်လာပါက (၄၀) လီတာဆံ့ အောက်စီဂျင် အိုး (၈၀)မှ (၁၂၀)အိုးထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း မောင်တောမြို့နယ် အောက်စီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့် ထံမှသိရသည်။ ယခုအခါ မောင်တောမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံ ယူနေသူ (၆၉) ဦးရှိပြီး အတည်ပြုလူနာများအနက် (၉)ဦးမှာ အောက်စီဂျင်ရှူထားရကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ သက်လွင်စိုး