ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ ထားရှိနိုင်ရေး Positive Centre တိုးချဲ့စီစဉ်ဆောင်ရွက်ထားရှိ

ပွင့်ဖြူ ဇူလိုင် ၂၅ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများ ထပ်တိုးလာပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်သွားနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်း ကျေးရွာအနီးရှိ (AAE) မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးကုမ္ပဏီပိုင် အဆောက်အဦ(၄) လုံးအား Positive Centre အဖြစ် အသုံးပြုနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ Positive Centre အဖြစ် အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ယာယီဥက္ကဋ္ဌ ဦးတင်မြင့် ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့က (AAE) မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေး ကုမ္ပဏီပိုင် အဆောက်အဦ(၄)လုံးအား ပိုးတွေ့အတည်ပြုလူနာများ ထားရှိနိုင်ရန်အတွက် ရေ ၊ မီး ၊ အိမ်သာနှင့် ကုတင်များ ကြိုတင်နေရာချထားခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ပြင်ဆင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာတွေ့ရှိမှု မြင့်တက်လာသည့်အတွက် ဇူလိုင် ၂၂ ရက်နေ့မှ စတင်ကာ မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ပိုးတွေ့အတည်ပြု လူနာများကို Positive Centre များတွင် ထားရှိပြီး လိုအပ်သောကျန်းမာရေးဆေးကုသမှုများ ဆောင်ရွက်ပေး သွားမည် ဖြစ်ပြီး နေရပ်ပြန်လာသူများနှင့် ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများ၏ အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်ထားရှိသော Quarantine Centre များတွင် ထားရှိပြီး ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၌ ဇွန် ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူဦးရေ (၂၈၉)ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၆ ဦး ရှိကြောင်းနှင့် ပိုးတွေ့အတည်ပြုလူနာ ၂၂၃ ဦး ကျန်ရှိနေ သေးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ ရဲဝင်းနိုင်