မကွေး ဇူလိုင် ၂၄
မကွေးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မကွေးမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ် ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မကွေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ရှင်းလင်းပြောကြားရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အလျင်အမြန် စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးရွာများအတွင်း Quarantine Centre များ စနစ်တကျ ဆောင်ရွက်ထားရှိရန်နှင့် ပိုးတွေ့လူနာများပြားလာပါက အသွားအလာကန့်သတ် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီး အရာရှိ ဦးမျိုးမောင်မောင်ကျော်က ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မကွေးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မိမိတို့ရပ်ကွက်/ကျေးရွာများ အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်ထားရှိမှု အခြေအနေများနှင့် Quarantine Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးဆွေးနွေးပြောကြားရာ မကွေးခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရ သည်။
မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ(၂၃)ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း(၈၀၆၆)ဦး၊ ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ (၂၁၁၂)ဦးနှင့် သေဆုံးသူ(၁၅၀)ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုအောင်