"ကိုဗစ်-၁၉ ရောဂါဟာ ပြည်သူတစ်ရပ်လုံး စည်းကမ်းလိုက်နာပြီး ရောဂါကာကွယ်ရေး လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို အမြန်တွန်းလှန်နိုင်မည်ဖြစ်"

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်အား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့ကတွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ပြည်သူတွေအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေရှိလာပြီဆိုရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရပါမလဲ။

ဖြေ။ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ့ ရှိလာပြီဆိုရင် ဦးစွာပထမ ကျွန်တော်တို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ဒေသအခေါ်) ဆေးရုံဟောင်းမှာ လာရောက် စစ်ဆေးလို့ ရပါတယ်။ ယေဘုယျလက္ခဏာတွေကတော့ အနံ့ပျောက်မယ်၊ ဖျားမယ်၊ ချောင်းဆိုးမယ်၊ အဖြစ်နည်းတာကတော့ ဝမ်းသွားမယ်၊ အန်မယ်၊ ဒါတွေကတော့လက်ရှိဖြစ်နေတဲ့သူတွေရဲ့ လက္ခဏာတွေဘဲဖြစ်ပါတယ်။ နှာစေးတာတို့ ရာသီတုပ်ကွေး လက္ခဏာတို့ပြရင်လည်း ပေါ့ဆလို့ မရပါဘူး။ ဒီအချိန်မှာ တုပ်ကွေးလက္ခဏာပြရင်တော့ ကိုဗစ်-၁၉ သံသယအဖြစ် မှတ်ယူပြီးလာရောက်စစ်ဆေးဖို့လိုအပ်ပါတယ်။

မေး။ ကိုဗစ်-၁၉ ရောဂါ သံသယ လူနာတွေကို ရောဂါပိုးရှိမရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ။

ဖြေ။ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ရုံးဖွင့်ရက်တွေဆိုရင် နံနက်(၀၉:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ ညနေ (၁၃:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ (၂)ကြိမ်စစ်ပေးပါတယ်။ ရုံးပိတ်ရက်တွေဆိုရင် မနက် (၀၉:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ (၁)ကြိမ် စစ်ဆေးပေးလျက် ရှိပါတယ်။

မေး။ ပိုးတွေ့လူနာများအတွက် ကျန်းမာရေးဌာနက ဘယ်လို ဆောင်ရွက်ပေးနေပါသလဲ။

ဖြေ။ ပိုးတွေ့ လူနာတွေအတွက်ကတော့ပိုးတွေ့လူနာမှာ(၂)မျိုးရှိပါတယ်။ ပိုးတွေ့ပြီးတော့ ရောဂါလက္ခဏာသိပ်မပြတဲ့လူတွေ၊ ကိုယ်ဟာကိုယ်ရပ်တည်နိုင်တဲ့သူတွေ ကျန်းမာရေး ကောင်းတဲ့ သူတွေကိုတော့ မြို့ပေါ်မှာစီစဉ်ထားတဲ့ (Positive Centre) ယာယီဆေးရုံတွေမှာ ထားပါတယ်။ အဲ့ဒီမှာမှ ရောဂါလက္ခဏာ ပိုဆိုးလာတဲ့သူတွေကို ဆေးကုသမှုခံယူဖို့၊ အောက်ဆီဂျင်ရှုဖို့ လိုအပ်တဲ့သူတွေကိုတော့ ကော့သောင်းပြည်သူ့ဆေးရုံးကြီးကို ရွှေ့ပြောင်းပြီး ဆေးကုသမှုတွေပေးနေပါတယ်။

မေး။ ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်ရရှိမှုအခြေအနေနှင့် လိုအပ်ချက်အပေါ် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲ။

ဖြေ။ ပိုးတွေ့လူနာတွေအတွက် လက်ရှိအခြေအနေအထိ အောက်ဆီဂျင် ပြတ်လပ်တာ မရှိသေးပါဘူး။အောင်စီဂျင်ရရှိမှုကတော့ အဓိကအားဖြင့် ကျွန်တော်တို့က ထိုင်းနိုင်ငံနှင့်နီးတဲ့အတွက် ဟိုဖက်မှာအောက်ဆီဂျင်ထည့်လို့ရနေပါသေးတယ်။ မြို့ပေါ်မှာရှိတဲ့ ပရဟိတအဖွဲ့တွေ လူမှုရေးအသင်းဖွဲ့တွေက ကျွန်တော်တို့လိုအပ်နေတဲ့ အောက်ဆီဂျင်ကို ပံ့ပိုးပေးနေပါတယ်။

မေး။ ကော့သောင်းမြို့မှာ အောက်ဆီဂျင် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်မည့် အစိအစဉ်လက်ရှိအခြေအနေမှာရှိပါသလား။ ဖြေ။ ကျွန်တော်တို့ ဆေးရုံးမှာတော့ တစ်နေ့ကို(၄၀)လီတာအိုးဗူးကြီး (၁၀)လုံးလောက် ထုတ်နိုင်တဲ့စက်တစ်လုံးရှိပါတယ်။ ဒါကလည်းတပ်ဆင်ထားတာ လွန်ခဲ့တဲ့(၅)နှစ်လောက် ကဖြစ်ပါတယ်။ အခုမှပြန်ပြီးစက်ရုံလည်ပတ်ဖို့ ကြိုးစားနေပါတယ်။ လောလောဆယ် အချိန်ထိတော့ လိုအပ်ချက် နည်းနည်းရှိနေပါသေးတယ်။ ပြင်ဆင်ရတဲ့အပိုင်းတွေလည်း ရှိနေပါသေးတယ်။ စက်ကောင်းတော့မယ့် အနေအထားကတော့ရောက်နေပါပြီ။ နောက်ပြီး အောက်ဆီဂျင် ထုတ်မယ့်စက်ရုံကိုလည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် Liquid Oxygen ကနေ Oxygen ထုတ်မယ့် စက်ရုံကို ကော့သောင်းမြို့ရွှေပြည်သာ ရပ်ကွက်မှာ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ကျွန်တော့်တို့ကို အကြောင်းကြားထားပါတယ်။အချိန်အားဖြင့် တစ်လဝန်းကျင်လောက် ကြာအုန်းမယ်လို့ ထင်ပါတယ်။

မေး။ ပိုးတွေ့သူဦးရေ၊ ဆေးရုံတက်သူဦးရေ၊ ဆေးရုံဆင်းသူဦးရေနှင့် သေဆုံးသူဦးရေ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ယနေ့ပိုးတွေ့လူနာ (၃၁၁)ဦး၊ ဆေးရုံဆင်း(၁၉၅)ဦး၊ ဆေးရုံတက်နေသူ(၁၁၆)ဦး၊ သေဆုံးသူ(၃)ဦးမှာ (၂)ဦးကသွေးတိုးရောဂါ၊ နှလုံးရောဂါစတဲ့ ရောဂါခံရှိတာကြောင့်ဆုံးတာပါ။ (၁)ဦးကတော့အဆုတ်ရောင်ရောဂါနဲ့ဆုံးတာပါ။ ဆေးရုံးရောက်ထဲက အောက်ဆီဂျင်(၅၀)နဲ့ ရောက်လာတယ်။ ဆေးရုံးတက်ပြီး နောက်တစ်ရက်မှာ ကုသမှုခံယူရင်းနဲ့ဘဲ ဆုံးသွားတယ်ပေါ့နော်။

မေး။ ကာကွယ်ဆေးထိုးဖို့ ကျန်တဲ့သူတွေကို ထိုးနှံပေးဖို့ကျန်တဲ့သူတွေကို ဘယ်လိုစီစဉ် ထားပါသလဲ။

ဖြေ။ ပညာရေးဝန်ထမ်းတွေကို ဦးစားပေးပြီး ဝန်ကြီးဌာနက ပေးပို့လာတဲ့ ဆေးတွေကို လက်ရှိမှာထိုးပေးနေပါတယ်။ ပညာရေးဝန်ထမ်း (၃၀၀)ဦးအတွက် ထိုးပေးနေပါတယ်။ ဒုတိယအကြိမ်ကိုတော့ နှစ်သုတ်ခွဲပြီးထိုးပါတယ်။ (၂၆-၇-၂၀၂၁)ရက်နေ့မှာ ပြီးမှာပါ၊ ကျန်တဲ့သူတွေ အတွက်ကတော့ လကုန်လောက်မှာ ကာကွယ်ဆေးထိုးဖို့ရှိပါတယ်။ ကာကွယ်ဆေး ထပ်ရောက်လာတဲ့အခါမှာ ဝန်ကြီးဌာနနှင့် ခရိုင်ကိုဗစ် ကော်မတီရဲ့စီစဉ် လမ်းညွှန်မှုနှင့်အညီ ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

မေး။ အခြားဖြည့်စွက်ပြောချင်တဲ့စကားရှိရင် ပြောပေးပါအုန်းခင်ဗျာ။

ဖြေ။ ပြည်သူတွေအနေနဲ့ မပေါ့ဆကြပါနဲ့၊ကိုဗစ် တတိယလှိုင်းဟာ အင်မတန် ပြင်းထန်ပါတယ်။ စည်းကမ်းလိုက်နာဖို့ အရမ်းရေးကြီးပါတယ်။ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေလိုက်နာဖို့ အားနည်းနေသေးတယ ်ဆိုတာကို တွေ့မြင်နေရပါသေးတယ်။ ကူးစက်လာရင် အရင်ကထက်အသက်အန္တရာယ် ပိုကြီးပြီး ကူးစက်ဖို့လည်း ပိုပြီးလွယ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး ကူးစက်နှုန်း ပိုများလာပြီး ကူးစက်ခံရရင်လည်း ရောဂါပြင်းထန်မှု အောက်ဆီဂျင်လိုအပ်မှုတွေ များလာ ပါတယ်။ အကောင်းဆုံးကတော့ရောဂါကာကွယ်ရေးပါဘဲ။ ရောဂါပိုး ကိုယ်ဆီရောက် သွားပြီဆိုရင် အထူးသဖြင့် သက်ကြီးပိုင်းတွေ ရောဂါအခံရှိသူတွေဟာ အသက်အန္တရာယ် တော်တော်လေး နီးစပ်ပါတယ်။ ဆေးရုံအနေဖြင့် လက်ရှိအချိန်ထိ အောက်ဆီဂျင်ပြတ်လပ်မှု မရှိသေးပေမဲ့လည်း ရောဂါဖြစ်သူတွေ အရမ်းများလာမယ်ဆိုရင် ကျွန်တော်တို့ အောက်ဆီဂျင်လိုအပ် မှုဖြစ်လာနိုင်ပါတယ်။ သေဆုံးမှုလည်း ပိုပြီးမြင့်တက် လာနိုင်ပါတယ်။ ဒီမြို့က လူမှုကူညီရေးအဖွဲ့တွေ လုပ်ငန်းရှင်တွေက အောက်ဆီဂျင်စက်ရုံကို သူတို့ကော့သောင်းမှာ ဘဲထုတ်ဖို့ စီစဉ်နေကြပြီဆိုတော့ စိတ်သက်သာရာ ရတာပေါ့နော်။ ဒါပေမဲ့ ရောဂါကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီးကောင်းမွန်ပါတယ်။ အထူးသဖြင့် ဒီရောဂါဟာ အခြားရောဂါတွေထက် ရောဂါကာကွယ်ခြင်းဟာ ပိုပြီးအရေးကြီးပါတယ်။ ဒီရောဂါဖြစ်လာရင် ဘယ်သူမဆို ကိုယ်တိုင်လူငယ်ဖြစ်ပေမဲ့လည်း အိမ်ပြန်သွားရင် အိမ်မှာရှိတဲ့ လူကြီးမိဘ တွေကို ဒုက္ခပေးနိုင်ပါတယ်။ ကူးစက်ခံရနိုင်တဲ့ အတွက်ကြောင့် အားလုံးစည်းကမ်း လိုက်နာကြပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ= ကျော်သက်ဦး(ပြန်/ဆက်)