ဧရာဝတီတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ပုသိမ်   ဇူလိုင်   ၂၄

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများ သိသင့် သိထိုက်သည်များသိရှိနိုင်စေရန် ဇူလိုင်လ ၂၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းချက်များအား ဖော်ပြအပ်ပါသည်။

မေး။    လက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရမှု အခြေအနေများကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။     ဧရာဝတီတိုင်းအနေနဲ့ဆိုရင် လက်ရှိမှာ ဇူလိုင်လ ၂၁ ရက်နေ့ထိဆိုရင် ၄၇၇ ဦး လူနာအသစ်ရှိပါတယ်။ သေဆုံးမှုအနေနဲ့ဆိုရင်တော့ ဒီရက်အတွင်းမှာ ၆၃ ဦးသေဆုံးမှုရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အနေနဲ့ဆိုရင် ၄၃၇၃ ဦး ကုသဆဲလူနာရှိပါတယ်။

မေး။     ယခုအချိန်မှာတွေ့ရတဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာဟာ ရာသီတုတ်ကွေးရောဂါနဲ့ အလားသဏ္ဍာန် တူတယ်လို့ ကြားသိရပါတယ်။ ဒီအပေါ်မှာ ရာသီတုတ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါဟာ ဘယ်လိုမျိုး ကွဲပြားခြားနားမှုရှိပါသလဲ။ ရောဂါဝင်လာပြီဆိုရင် ဘယ်လိုမျိုးပြုမူနေထိုင်ရမယ်ဆိုတဲ့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကိုလည်း ရှင်းပြပေးပါဦးဆရာ။

ဖြေ။     အဓိကကွဲလွဲမှုကတော့ အားလုံးသိကြတဲ့ အနံ့ပျောက်တဲ့လက္ခဏာပါ။ နှာပိတ်လို့ အနံ့ပျောက်တာ မဟုတ်လို့ရှိပဲနဲ့ နှာပိတ်တာမဟုတ်ပဲနဲ့ အနံ့ပျောက်လာမယ်ဆိုလို့ရှိရင်တော့ ကိုဗစ်ဖြစ်ဖို့များပါတယ်။ စစ်လိုက်လို့ရှိရင်လည်း ကိုဗစ်ဖြစ်တာများပါတယ်။ ဒါပေမယ့် အနံ့ပျောက်တဲ့သူတွေ အတော်များများ အတွက် ကောင်းတာကတော့ အနံ့ပျောက်တဲ့သူတွေသည် ကိုဗစ်အနေနဲ့တော့ ဆိုးဆိုးဝါးဝါးမဖြစ် ပါဘူး၊ နောက်တစ်ခုကတော့ အစားအသောက်ပျက်တာနဲ့ နုံးချိတာပါ။ ဒီကိုဗစ်မှာတော့ နုံးချိတာနဲ့ အစားအသောက်ပျက်တာက ပိုဆိုးတာကို အခုဝင်လာတဲ့ဥစ္စာမှာ တွေ့ရပါတယ်။ နောက်တစ်ခု ကတော့ ဒီရာသီတုတ်ကွေးမှာ ဖြစ်လေ့ဖြစ်ထမရှိပဲနဲ့ ကိုဗစ်မှာဖြစ်နေတာကတော့ ဝမ်းလျောတာတွေ ဒီအချက်တွေကိုတော့ ဆရာတို့တွေ့ရှိရပါတယ်။ ပြီးတော့အခါကျ ပြည်သူလူထုအနေနဲ့ သတိထားသင့် တာက ကိုယ်ကစပြီး‌တော့ ကိုယ်ပူမယ်၊ လည်ချောင်းနာမယ်၊ ပြီးရင် အနံ့ပျောက်မယ် အစရှိတာတွေ ဖြစ်ပြီဆိုလို့ရှိရင် အပြင်မထွက်ဖို့၊ မိသားစုနဲ့ ခွာခွာလေးနေဖို့၊ အမြဲတမ်းမက်စ် (Mask) ကိုတပ်ထားဖို့ ၊ အစားအသောက် အနေအထိုင် တစ်ဦးတည်းစားပြီးတော့ ကိုယ့်အိမ်ကမိသားစုဝင်တွေ မကူးအောင် ကရုစိုက်ဖို့ အကြံပြုလိုပါတယ်။

မေး။     ကိုဗစ်ကာလအတွင်းမှာ ကျန်းမာရေးဌာနရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုသပေးမှု အခြေအနေနဲ့ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ ကျန်းမာရေးအဆင့်ခွဲထားထာမျိုးရှိပါသလား။ ကိုဗစ်လက္ခဏာပြနေပေမယ့် လူနာတွေကို နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုခံယူစေတယ် ဆိုတာရယ် ဘယ်လိုအခြေအနေမျိုးမှာတော့ ကျန်းမာရေးဌာနမှာ လာရောက်ကုသမှုခံယူရမယ်ဆိုတဲ့ ညွှန်ကြားထားတာမျိုးရှိရင် ရှင်းပြပေးပါဦးဆရာ။

ဖြေ။     ဆရာတို့အနေနဲ့ ကိုဗစ်နဲ့ပတ်သက်ရင်တော့ လူနာတွေကို Posstive ဖြစ်တယ်၊ ရောဂါလက္ခဏာ သိတ်မရှိဘူးဆိုလို့ရင် ဆရာတို့က Posstive  Center လို့ ခေါ်တဲ့နေရာတွေမှာထားပါတယ်။ ဆေးရုံကို မတင်ပါဘူး။ အဲ့ဒီမှာပဲလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အဖွဲ့နဲ့ပေးပါတယ်။ လိုအပ်တဲ့အခါ ကျမှ အဲ့ဒီလူတွေကို ဆေးရုံကိုလွှဲပြောင်းပြီးတော့ ကုသပေးဖို့ စီစဉ်ထားရှိပါတယ်။ ဘာကြောင့်လို့လဲ ဆိုတော့ ဆေးရုံမှာ ဆရာတို့အနေနဲ့ ဝန်နဲ့အားမမျှပဲနဲ့ လူနာများနေတဲ့အတွက်ပါ။ နောက်တစ်ခုက ဆေးရုံရောက်လာပြီဆိုလို့ရှိရင် တစ်ချို့လူနာတွေ ကုသမှုလိုတဲ့လူနာတွေကို ဟိုကျမှပဲ ဆရာတို့ ဆေးရုံကိုတင်နိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဆေးရုံမှာလည်း ဆရာတို့က အောက်ဆီဂျင်ပေးနိုင်မှု ၊ နေရာပေးနိုင်မှုအပေါ်မှာပဲမူတည်ပြီးတော့ ဆရာတို့ လူနာလက်ခံတာကို လုပ်ရပါတယ်။

မေး။     အောက်ဆီဂျင်နဲ့ပတ်သက်ပြီးတော့ ဒီကနေ့အခြေအနေမှာ အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ နေရပါတယ်။ ပြည်သူ့ဆေးရုံကြီးအနေနဲ့ကရော လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှုမရှိ အောင် ဘယ်လိုမျိုးစီမံဆောင်ရွက်ထားပါသလဲ၊ ကိုဗစ်ကုသရေးစင်တာတွေမှာလည်း အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားမှုတွေရှိရင်လည်း ပြောပြပေးပါဆရာ။

ဖြေ။     လောလောဆယ် ဆရာတို့အနေနဲ့ ဆေးရုံတွေမှာ အောက်ဆီဂျင်မပြတ်လပ်အောင်တော့ ဆရာတို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်အဆင့်ဆေးရုံကြီးတွေမှာ အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံတွေ ရှိပါတယ်။ သိတ်အများကြီးမဟုတ်ပေမယ့် ခရိုင်အဆင့်ဆေးရုံတိုင်းမှာရှိပါတယ်။ ပုသိမ်ဆေးရုံကြီးမှာ ဆိုရင် ၂ ခုရှိပါတယ်။ ဟင်္သာတဆေးရုံကြီးမှာ ၂ ခုနဲ့ ကျန်တဲ့ခရိုင်ဆေးရုံကြီးတွေမှာ ၁ ခုစီရှိပါတယ်။ ဒါပေမယ့် အချို့စက်ရုံတွေကတော့ နည်းနည်းအရွယ်ပမာဏ သေးငယ်ပါတယ်၊ ဆရာတို့ လုံလောက် မှုတော့မရှိဘူး၊ ဒါပေမယ့် ထွက်တော့ထွက်နေတယ်ပေါ့။ နောက်တစ်ခုက ဆရာတို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီရဲ့ အစီအစဉ်အနေနဲ့ ဆရာတို့ ရန်ကုန်မှာရှိတဲ့ ဆင်မလိုက်စက်ရုံတွေရယ်၊ နောက်တစ်ခုက လှိုင်သာယာရွှေလင်ပန်းမှာရှိတဲ့ စက်ရုံတွေကို သွားရောက်သယ်ဆောင်ပြီးတော့ တိုင်းအတွင်းမှာရှိတဲ့ဆေးရုံတွေကို ဖြန့်ဖြူးတာကိုလုပ်ပါတယ်။ နောက်တစ်ခုကတော့ အနောက် တောင်တိုင်း စစ်ဌာနချုပ်ရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ ဆရာတို့ ညောင်ခြေထောက်မှာရှိတဲ့ ကပစ ၆ ကနေပြီးတော့ အောက်ဆီဂျင်ကို သွားရောက်သယ်ယူတာရှိပါတယ်။ နောက်တစ်ခုကတော့ မြို့နယ် တွေ၊ တိုက်နယ်တွေ၊ ဆေးရုံကြီးတွေအနေနဲ့လည်း ကိုယ့်ရဲ့မြို့က မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင်တွေ၊ ပရဟိတအဖွဲ့ အင်အားတွေနဲ့ သက်ဆိုင်ရာမြို့နယ်ရဲ့ လိုအပ်ချက်ကို ရန်ကုန်မှာရှိတဲ့ စက်ရုံတွေ၊ တစ်နို်ငငံလုံး တစ်ချို့နေရာတွေမှာဆိုလို့ရှိရင် ဆရာတို့  ဟိုးရှမ်းပြည်အထိ သွားယူပြီးတဲ့အခါကျတော့ အောက်ဆီဂျင်ရှိရေး လုပ်ဆောင်နေကြတာတွေရှိပါတယ်။

မေး။     ယခုအချိန်မှာ လူနာအများစုဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အသက်ဆုံးရှုံးမှုတွေများတယ်လို့ ကြားသိရပါတယ်။ သိချင်တာက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာတို့လို ပညာရှင်တွေရယ်၊ ကျန်းမာရေးဌာနလုပ်ငန်းတွေကို ပူးပေါင်းပါဝင်ပြီး ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကြားမှာ တိကျမှန်ကန်တဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်သူ တွေ အနေနဲ့ရရှိတယ်လို့ ထင်ပါသလား။ နောက်တစ်ခုက ပြည်သူတွေအနေနဲ့က တစ်ခုခုဆိုရင် စိုးရိမ်ပူပန်တတ်တော့ မလိုအပ်ပဲဆေးဝါးတွေ ဝယ်ယူစုဆောင်းတာ၊ အောက်ဆီဂျင်တွေဝယ်ယူပြီး အသုံးပြုမှုအပေါ် ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမျိုးပြည်သူကို အသိပညာပေး ပြောကြားချင်ပါသလဲ။

ဖြေ။     ဆရာတို့အနေနဲ့ကတော့ ပညာပေးခြင်းလုပ်ငန်းကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ ဆရာတို့ရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေပြီးတော့ကြေညာထုတ်လွှင့်နေတာရှိပါတယ်။တိုင်းအတွင်း မှာ ဆိုလို့ရှိရင်လည်း ဆရာတို့ သတင်းပြန်ကြားရေးဌာန အစီအစဉ်အနေနဲ့ မြို့နယ်တွေမှာ လိုက်လံ ပြီးတော့ တစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိ ကိုဗစ်နဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေ ဆောင်ရန် ရှောင်ရန်တွေ ပြောတာတွေကို အသိပညာပေး လိုက်လံကြေညာနေတာတွေရှိပါတယ်။ ဒါတွေနဲ့ ပြည်သူလူထုကို ဆရာတို့ ပညာပေးတဲ့အစီအစဉ်တွေလုပ်ပါတယ်။ အောက်ဆီဂျင်လိုအပ် ချက်နဲ့ ပြောရမယ်ဆိုလို့ရှိရင် ဆရာတို့ကတော့ လောလောဆယ်မှာ ဒီ Positive  ဖြစ်တဲ့လူတွေကို Pulse Oximeter နဲ့ အောက်ဆီဂျင်ကျလာရင် ဘယ်အခြေအနေထိ ကျလာရင်ပေါ့နော် ၉၀ အောက် ကျလာလို့ရှိရင် ဆေးရုံက ဒီ ၉၀ အောက် ကျလာရုံတင်မကဘူးပေါ့ ရောဂါလက္ခဏာတွေရှိမယ် ဆိုလို့ ရှိရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေကို ဆရာတို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေအနေနဲ့ ပညာပေးတာတွေ ရှိပါတယ်။

မေး။     နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ဘယ်လိုပြုမှုနေထိုင်ရမယ် ဆောင်ရန်၊ ရှောင်ရန်ဆိုတာအပြင် ဆရာ့အနေနဲ့ ပြည်သူကိုထပ်ပြီးတော့ အသိပေးချင်တာရှိရင် ဖြည့်စွက်ပြီးပြောကြားပေးပါရှင်။

ဖြေ။     ဆရာတို့ အခုလက်ရှိအခြေအနေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလကြီးကိုတော့ ဆရာတို့က ပြည်သူ လူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆရာတို့ကဖြတ်ကျော်ရမှာပဲပေါ့နော်၊ အဲ့တော့ အားလုံးက ကိုယ်ရဲ့တာကို ကိုယ်တတ်နိုင်သလောက်ပေါ့နော် ကိုယ့်ဆီကနေတစ်ဆင့် သူများဆီကို ရောဂါကူးမသွားအောင်၊ ဆောင်ရန် ရှောင်ရန်တွေ လိုက်နာကြဖို့လိုပါတယ်။ နောက်တစ်ခုကတော့ အကြောက်တရား မကြီး ကြဖို့ပေါ့နော်၊ ကြောက်ရင် ကိုယ့်ဘက်ကရှုံးမှာဘဲ၊ အဲ့ဒီတော့ ဒီရောဂါဖြစ်ပြီဆိုရင် အတတ်နိုင်ဆုံး မစိုးရိမ်ပါနဲ့။ကိုယ်ကစိုးရိမ်စိတ်တွေများလို့ရှိရင် အကျိုးမရှိဘဲနဲ့ အကျိုးယုတ်ဖို့ဘဲရှိပါတယ်။ အဲ့ဒီတော့ အကောင်းဆုံးက ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ  လူတိုင်း၊ မိသားစုတို်ငး ကိုယ့်ရဲ့ မြို့အလိုက်၊ ရွာ အလိုက် ဒီလိုမျိုးစဉ်းစားပြီး လုပ်ဆောင်သွားဖို့လိုပါတယ်။ ဆရာတို့ အခုဆိုလို့ရှိရင်လည်း တစ်တိုင်း လုံးမှာရှိတဲ့ ပရဟိတအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းကသူတွေ၊ ကျန်းမာရေးပိုင်းကသူတွေ အားလုံးသည် စုစုစည်းစည်းနဲ့ ဆရာတို့ရဲ့  တိုင်းတစ်တိုင်းလုံး ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်တိုင်း ရောဂါအန္တရာယ်ကနေပြီးတော့ သက်သာလျော့ပါးဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့တော့ကျတော့ အကောင်းဆုံးနည်းနဲ့ ကျော်ဖြတ် သွားကြဖို့လိုပါတယ်။ စိုးရိမ်ပြီးတော့ စိုးရိမ်စိတ်တွေလွန်ကဲပြီးလုပ်လို့ရှိရင် ဆရာတို့ ပိုပြီးတော့ ကျတော့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များပါတယ်လို့ပဲ ပြောကြားလိုပါတယ်။

ဟုတ်ကဲ့ပါရှင် အခုလို မအားလပ်တဲ့ကြားကနေ ပြည်သူတွေ သိသင့်တာကို အချိန်ပေးပြီး ဖြေကြားပေး တဲ့ဆရာ့ကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

တွေ့ဆုံမေးမြန်းသူ - ခင်စန္ဒာဆွေ (ခရိုင်ပြန်/ဆက်)