မော်လမြိုင် ဇူလိုင် ၂၄
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်တက္ကသိုလ်ရှိ (၁၀)မြို့နယ်ဆောင်သို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးသည့် ပရဟိတလူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် တွေ့ဆုံကာ အားပေးစကားပြောကြား၍ အဆိုပါ အဖွဲ့များအတွက် PPE ဝတ်စုံများ အပါအဝင် ထောက်ပံ့ရေးပစ္စည်း ကြက်ဥ၊ ခေါက်ဆွဲခြောက် စသည်တို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မော်လမြိုင်မြို့၊ ပန္နဲကုန်းသုဿန်၌ ကူညီဆောင်ရွက်ပေးနေကြသည့် ပရဟိတ နာရေး ကူညီမှုအသင်းများကိုလည်း ကျေးဇူးတင်စကား ပြောကြား၍ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ယခုအခါ မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ် များအတွက် ပရဟိတလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိရာ မော်လမြိုင် မြို့၌လည်း တပ်မတော်ဆေးဘက်ဆိုင်ရာ သမားတော်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ပရဟိတ အဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး အလားတူ ရာမည လူမှုကူညီကယ်ဆယ်ရေးနှင့် ဆရာဝန်များမှလည်း အခက်အခဲရှိသည့် ပိုးတွေ့လူနာများ၏ နေအိမ်များထံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်းနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း လိုအပ်သည့် ထောက်ပံ့မှုများ အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။