ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း

ပွင့်ဖြူ ဇူလိုင် ၂၄
 
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲ ဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေစပါးစိုက်ခင်းများမှာ ယခုအခါ အသီးများ ရင့်မှည့် လာပြီဖြစ်၍ တောင်သူများက မိုးသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် သီးနှံရိတ်သိမ်း ခြွေလှေ့ စက်ကြီးများဖြင့် အပြိုင်အဆိုင် သိမ်းဆည်းနေကြ ကြောင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဒေသခံတောင်သူများထံက သိရသည်။
 
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည် ရေဖြင့် နွေစပါးသီးနှံစိုက်ဧက ၁၉၈၀၄ ဧကနှင့် နွေနှမ်းစိုက်ဧက ၃၁၆၆၀ ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း သိရပြီး စိုက်ပျိုးရေလုံလောက်စွာ ရရှိခဲ့သဖြင့် တောင်သူများ စိုက်ပျိုးသည့်် နွေစပါးနှင့် နွေနှမ်းစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
 
“ကျွန်တော်တို့ဒေသမှာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေဖြန့်ဝေပေးတဲ့ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့တဲ့ နွေစပါး စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အသီးများရင့်မှည့် လာပြီဖြစ် လို့ ရိတ်သိမ်းခြွေလှေ့စက်တွေနဲ့ တောင်သူအများစု စတင်ရိတ်သိမ်းနေကြပြီ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ရတနာတိုး၊ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ စပါးမျိုးတွေကို အများဆုံးစိုက်ပျိုးတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့တောင်သူတွေက ယခုနှစ်မှစပြီး ချမ်းမြေ့ဇေယျာကုမ္ပဏီက ထုတ်လုပ်တဲ့ ချမ်းမြေ့မေ မျိုးစပါးကို စမ်းသပ်စိုက်ပျိုး ကြပါတယ်။ ချမ်းမြေ့ မျိုးစပါး စိုက်ပျိုးတဲ့တောင်သူတွေ ဆစ်ပိုး ကျရောက်မှုတွေ ရှိနေတာကြောင့် သီးနှံအထွက်နှုန်း လျော့နည်းမှာကို စိုးရိမ်ရပါတယ်။ ကျန်တဲ့ ရတနာတိုး၊ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ စပါးခင်းတွေကတော့ ပိုးကျရောက်မှုနည်းတဲ့ အတွက် တစ်ဧကကို တင်းရေ ၁၀၀ ကျော်လောက် ထွက်ရှိပါတယ်။ ခုလက်ရှိမှာတော့ စပါးဈေးနှုန်းတွေက ကျဆင်းနေလို့ စပါးတစ်တင်းကို ငွေကျပ် (၄၂၀၀၊ ၄၅၀၀)လောက်ပဲ အရောင်းအဝယ်ရှိဖြစ်လို့ ဈေးကောင်းရရှိဖို့ မျှော်လင့်နေရပါတယ်။ ဒါပေမယ့် ချမ်းမြေ့မေ မျိုးစပါးစိုက်ပျိုးတဲ့ တောင်သူ တွေကတော့ ချမ်းမြေ့ဇေယျာကုမ္ပဏီက တစ်တင်းကို ငွေကျပ် ၆၀၀၀ နဲ့ ပြန်ပြီးဝယ်ယူတာဆိုတော့ အဆင်ပြေကြတာပေါ့ဗျာ။ ခု နွေစပါး စိုက်ခင်းတွေ သိမ်းပြီးတာနဲ့ မိုးသီးနှံပြန်လည် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်သူတွေက မိမိတို့စိုက်ပျိုး ထားရှိတဲ့ နွေစပါးစိုက်ခင်းများနဲ့ မိုးနှမ်း စိုက်ခင်းတွေကို အပြိုင်ဆိုင်သိမ်းဆည်းနေကြလို့ ကျေးရွာက နွားရှဉ်းအငှား လိုက်ကြသူတွေနဲ့ နေ့စား အလုပ်သမားတွေ နေ့စဉ်ဝင်ငွေရရှိလို့ လုပ်ငန်း အဆင်ပြေနေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
 
ရဲဝင်းနိုင်