မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် အောက်စီဂျင်စက်ရုံ အဆောက်အဦ တည်ဆောက်

မြင်းမူ ဇူလိုင်လ ၂၄

ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာခံစားနေရသူများအတွက် ဆေးကုသမှုခံယူရန် အရေးပေါ် လိုအပ်လျှက်ရှိသည့် အောက်စီဂျင်စက်ရုံအား စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိ ဆေးရုံဝင်း အတွင်းအဆောက်အဦ စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရှိရသည်။ အောက်စီဂျင်စက်ရုံအား ရွှေရတုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသာပါလာလင်္ကာရနှင့် တိပိဋကဓရ မြင်းမူဆရာတော် ဘဒ္ဒန္တပညာသီရိလက်ာရဆရာတော်နှစ်ပါးမှဦးဆောင်ကာ အနယ် နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအား ထိုင်းနိုင်ငံမှမှာယူတင်သွင်းမည်ဖြစ်ကြောင်း၊ အဆောက်အဦ၊ စက်ပစ္စည်း တန်ဖိုးနှင့်အခြားပစ္စည်းများ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း (၁၀၀၀)ကျော် ကုန်ကျမည်ခန့်မှန်း ထားကြောင်း၊ ယခုအခါစေတနာရှင်အများအပြားက ဆက်သွယ် လှူဒါန်းလျှက်ရှိကြောင်း၊ ရန်ပုံငွေရှာဖွေရေး အတွင်းရေးမှူး ဦးမျိုးလွင်ထံမှသိရှိရသည်။ ယခု တည်ဆောက်လျှက်ရှိသည့် အဆောက်အဦးမှာ အလျှား(၉၀)ပေနှင့် အနံ(၄၅)ပေရှိပြီး စက်ရုံမှ အောက်စီဂျင်ထုတ်လုပ်နိုင်မှုစွမ်းအားမှာ (၁)ရက်လျှင် လီတာ(၄၀)ပါ အောက်စီဂျင်အိုး အလုံး(၈၀)ရှိကြောင်းနှင့် ကိုဗစ်ရောဂါကုသရေးအတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)