ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများနှင့် မြို့နယ်အဝင်အထွက်လမ်းဆုံတွင် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချောင်းဆုံ  ဇူလိုင် ၂၃

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက စတင်၍ လူသွားလာ သည့်နေရာများ လမ်းဆုံလမ်းခွနှင့် မြို့အဝင်က ညှော်ကျေးရွာလမ်းဆုံနှင့် နှီးမုတ်၊ ကမာမို၊ ဒေါင်းဥ၊ ဘိုးနက်ကျေးရွာ တို့တွင် အသိပညာပေးလုပ်ငန်းများ နှိုးဆော်ခြင်း ကိုဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို အသိပညာပေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သော လဝကဦးစီးမှူး ဦးမောင်မောင်ဌေး ဦးဆောင်ပြီး ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်၊ ပြန်/ဆက်၊ကျန်းမာရေး၊ ပညာရေးဌာနနှင့်ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပူးပေါင်းပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များဖြစ်သော အိမ်အပြင် ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက (Face Shield)ကို တွဲဖက် တပ်ဆင်၍ တစ်ဦးနှင့်တစ်ဦး တက်နိုင်သမျှ ခပ်ခွာခွာနေထိုင်ရန်၊ လူစုလူဝေးရှောင်ရန်၊ လက်ကိုစက္ကန့်(၂၀) ကြာ မကြာခဏ ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ၊ အဲကွန်းအခန်း များတွင် သွားရောက်နေထိုင်ခြင်းရှောင်ကြဉ်ရန် စသည့် အချက်များ မိမိအိမ်သို့ပြင်ပမှ လာသော ဧည့်သည်များ လက်ခံရန်နှင့် မိမိကလည်းအခြားသူများထံ သွားရောက်လည်ပတ်ခြင်းကို ရှောင်ကြဉ်ရန်အချက်များကို လမ်းသွား လမ်းလာပြည်သူများအား ပညာပေးနှိုးဆော်ခြင်းနှင့် မြို့အဝင်ကညှော် ကျေးရွာလမ်းဆုံ၌ မြို့နယ်ပြင်ပမှ ဝင်ရောက် လာသူများကိုလည်း မြို့ထဲသို့အဝင်မခံဘဲ ပြန်လည်စေလွှတ်ခဲ့ခြင်းကိုလည်း စစ်ဆေးဆောင်ရွက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။