ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာ

 မောင်တော ဇူလိုင်  ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ပေးရာတွင် ယခုအခါ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇူလိုင် ၂၂ ရက်နေ့ထိ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူနေ့စဉ်များ ပြားလျက်ရှိပြီး သေဆုံးမှုများလည်း ရှိနေဖြစ်ရာ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေး နှင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ  မိမိနေအိမ်တွင်သာ နေထိုင်ရေး၊ မလိုအပ်ဘဲနေအိမ်ပြင်ပသို့ မထွက်ခွာပါရန် ၊ ဧည့်သည်များ လက်မခံကြရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း ၊ အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသကြရန်  လိုအပ်ကြောင်း စသည့် အချက်(၁၁) ချက်ပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက်  မြို့ပေါ်  ရပ်ကွက်များအတွင်း လိုက်လံကြေငြာခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး