ဝန်းသို ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မိဘပြည်သူများ နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ် နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေ အကွာမှ ခပ်ခွာခွာနေရန်၊ (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ အရာ ဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂ဝ) ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်စသည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတိထားလိုက်နာရမည့် အချက် များကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်မြိုင်