မကွေးတိုင်းဒေသကြီးအတွင်း မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု နှင့် ကုသရေးလုပ်ငကိုဗစ်-၁၉ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းမှု

မကွေး           ဇူလိုင်  ၂၃

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုနှုန်း အရေအတွက်မှာ နေ့စဉ် တိုးပွား လာသည့်အတွက် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအနေနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ကုသရေးလုပ်ငန်းများကိုလည်း မကွေးပြည်သူ့ဆေးရုံကြီးရှိ ငါးထပ်ဆောင်တွင် အချိန်နှင့် တစ်ပြေးညီကုသပေးလျက်ရှိကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအစီအစဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကော်စီအတွင်းရေးမှူး ဦးဝင်းရှိန်က ယခုလိုပြောကြားပါသည်−

“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်ပြီးတော့ ‌ကော်မတီ(၆) ရပ်နဲ့ဖွဲ့စည်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်၊မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် တိုင်းဒေသကြီးအတွင်းကို ဝင်လာတဲ့ ဂိတ်(၂၃)ဂိတ် ဖွင့်လှစ်ပြီး အဝင်/အထွက် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။အဲဒီဂိတ်တွေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်‌တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများကို တာဝန်ပေးဆောင်ရွက် လျက်ရှိပါတယ်၊ ဂိတ်တွေကို ဝင်လာတဲ့ ပြည်သူများကို ပထမဦးဆုံး အပူချိန်တိုင်းပါတယ်။ သတ်မှတ် အပူချိန်ကျော်လွန်ရင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit များဖြင့် စစ်ဆေးပါတယ်။ အကယ်၍ ရောဂါပိုး တွေ့ရှိပါက Positive လူနာများကို ပရဟိတ အသင်းက မော်တော်ယာဉ်များနဲ့ ကုသရေး ဆေးရုံနဲ့ Quarantine Center များကို ပို့ဆောင်ပြီး ကျန်းမာရေး ဝန်ထမ်းများမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်”။

အသိပညာပေးဆောင်ရွက်

“ကိုဗစ်-၁၉ Third Wave နဲ့ပတ်သက်ပြီး ကြော်ငြာဆိုင်းဘုတ်တွေ၊ Mask Campain တွေဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများထိ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ရောဂါကူးစက်ခံရပါက ဆောင်ရွက်ရမည့် အချက်များကို ပြည်သူများသိရှိနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ပေးလျက်ရှိပါ တယ်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ် မှာ Quarantine Centre ၂၇၅ ရှိပါတယ်၊လူဦးရေဝင်စံမှုအနေဖြင့် ၈၇၃၁ ဦး ဝင်စံပြီး ကျန်းမာရေးဝန်ထမ်းအနေဖြင့် ၂၁၈ ယောက်ကုသမှုပေးနေပါတယ်၊ Voluntier ၅၂၅ ယောက်တို့နဲ့စင်တာများမှာ ဆောင်ရွက် လျက်ရှိပါတယ်၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာဝန်ထမ်းစုစုပေါင်း ၁၅၁၇ ယောက်တို့မှ Quarantine Centreများမှာ ကုသဆောင်ရွက်လျက်ရှိပါတယ်၊ တိုင်းအတွင်းမှာ ကုသရေးဆေးရုံ ၆၃ရုံ ရှိပြီး ကုတင်၂၂၇၅ ကုတင်ရှိပါတယ်၊ အောက်ဆီဂျင်ဗူး အနေနဲ့ စုစုပေါင်း လက်ရှိမှာ ၆၇၉ ဗူးရှိပါတယ်၊ ဒါ့အပြင် ပရဟိတ အသင်းအရေအတွက် ၂၂၇သင်းရှိပြီး လူနာတင်ယာဉ်၈၇ စီးဖြင့် ဆောင််ရွက်လျက် ရှိတယ်” လို့ ပြောကြားခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင်များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံ ညှိနှိုင်းပြီး ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကွေးမြို့ ပေါ်တွင် သီတဂူဆေးရုံမှာ နေ့စဉ် ၉နာရီမှစတင်၍ ရောဂါပိုး သံသယ လူနာများအား စစ်ဆေး ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးမှုအနေနဲ့ ဒုတိယအကြိမ် အလုံး၉၀၀၀ ကို ပညာရေး ဝန်ထမ်းများကို အဓိကဦးစားပေးပြီး ဆေးထိုးပေးလျက် ရှိကြောင်း၊ လူမှုရေးအသင်း အဖွဲ့များ အတွက်လိုအပ်တဲ့ စက်သုံးဆီနဲ့စားသောက်စရိတ်များကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ထောက်ပံ့ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်စနစ်အစား ပါဆယ်စနစ်ဖြင့် ရောင်းချစေခြင်း၊ စင်တင် တေးဂီတဖျော်ဖြေခြင်းနှင့် အခန်းတွင်းကာရာအိုကေ အပန်းဖြေအနားယူခြင်းများကိုလည်း ဒီကာလ အတွင်းမှာ မဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီများကို ညွှန်ကြားထားပြီး ဖြစ်တဲ့အပြင် ဈေးများမှာ ဈေးရောင်း/ဈေးဝယ်များအနေနဲ့ Mask များ မဖြစ်မနေ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ဆေးခြင်းများကို လိုက်နာဆောင်ရွက်ဖို့ အတွက် ပညာပေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိကာ စာသင်ကျောင်းများအနေနဲ့ လက်ရှိ အချိန်မှာ ၂ပတ်ပိတ်သွားပြီ ဖြစ်သည့်အတွက် စာသင်ကျောင်းများကို ဆေးဖျန်းခြင်းများနဲ့  ရောဂါသံသယရှိ လူနာများအား စောင့်ကြည့်  စစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကုသရေးဆောင်ရွက်နေမှု

မကွေးတိုင်းဒေသကြီး တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဌေးကလည်း တိုင်းဆေးရုံ ကြီးသို့ ရောက်ရှိလာသည့် ကိုဗစ်လူနာများအား ကုသဆောင်ရွက်ပေးမှု အခြေအနေများနှင့် စပ်လျဉ်း၍ “ကျွန်မတို့ဆေးရုံကြီးအနေနဲ့ မကွေးတိုင်းဒေသကြီးမှာ ပြင်းထန်တဲ့ကိုဗစ်လူနာများ ကုသဖို့အတွက် အဓိကနေရာအဖြစ် ငါးထပ်ဆောင်ကိုရွေးချယ်ထားပြီး ပြင်းထန်တဲ့ ကိုဗစ်လူနာ ၁၀၀ဦးခန့် ကုသနိုင်အောင် ဆောင်ရွက်ထားရှိပါတယ်၊ ဆေးရုံတက်ရောက် ကုသနေသော လူနာများနဲ့ တာဝန်ကျ ဆရာ၊ဆရာမများအတွက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ ထောက်ပံ့ပေးလျက်ရှိပြီး ပြည်သူများအနေနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်တဲ့ အပြင်ထွက်လျှင် Mask မဖြစ်မနေတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊လူစုလူဝေး ရှိသည့် နေရာများအား ရှောင်ကြဉ်ခြင်း စတဲ့အချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သလို ကိုဗစ်-၁၉ ကူးစက်ခံရပါက မိသားစုနဲ့ ခပ်ခွာခွာနေပြီး ဒေသဆိုင်ရာမှ သတ်မှတ်ထားသည့် Quarantine Centre များတွင် သွားရောက်နေထိုင်ခြင်းဖြင့် ကျန်းမာရေးအသိ၊ကျန်းမာရေး သတိဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၂၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၇၃၅၃ ဦး၊ သေဆုံးလူနာ ၁၃၀ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူ ၅၁၈၃ ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၀၄၀ ဦး၊ရှိကြောင်း မကွေးတိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုအောင်