ဝန်းသို ဇူလိုင် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကောလင်းခရိုင် ဝန်းသိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြုစနစ်ဖြင့် ကျေးရွာလူထုအား စွမ်းဆောင် ရည်မြင့်မားစေရန်နှင့် ကျေးလက်ဒေသအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် Village Development Project ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ကျေးရွာပေါင်း ၂၅ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ကျေးရွာ ပေါင်း ၁၇ ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေး လက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ဝန်းသိုမြို့နယ်အတွင်း VDPစီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀စီဖြင့် ကျေးရွာလူထုကိုယ်တိုင် စီမံ ဆောင်ရွက်သည့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁၁)ရွာ၊ ဂျင်းမြေ/သဲကျောက်/ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းလေးရွာ၊ မီးလင်းရေးလုပ်ငန်း(ဗို့-၄၀၀ ဓါတ်အားလိုင်း သွယ်တန်းခြင်း)တစ်ရွာ၊ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ကွန်ကရစ်ရေမြောင်းပြုလုပ်ခြင်း တစ်ရွာ တို့တွင် ကျေးရွာလုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ပြီး ကျန်ရှိနေသော အောင်သာ ကုန်းကျေးရွာစာသင်ကျောင်းဆောင်ဆောက်လုပ်ခြင်း ၈၀ရာခိုင် နှုန်း၊ ကြူတောကျေးရွာဘက်စုံ သုံးခန်းမဆောင်ရွက်ခြင်း ၅၀ ရာခိုင်နှုန်း၊ အလယ်ခုံကျေးရွာ စာသင်ဆောင်တိုးချဲ့ခြင်းနှင့် ရွာတွင်းလမ်းသဲကျောက်ခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း၊ ဇီးဖြူကုန်းကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ၂၅ရာခိုင်နှုန်း၊ ကံကုန်းကျေးရွာ ပေ(၈၀)ကျော်တံတားတည်ဆောက်ခြင်း ၆၀ရာခိုင် နှုန်း၊ ကနဖော့ကျေးရွာ Transformer တပ်ဆင်ခြင်း၅၀ရာခိုင်နှုန်း၊ ထပ်တိုးကျေးရွာ ဖြစ်သည့် မင်းကုန်းနှင့် လေဘိုကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ၅၀ ရာခိုင်းနှုန်းထိဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း အဆိုပါလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြပ်မတ်ပြီး လိုအပ်သောနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၄၅)ရွာ၊ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာပေါင်း(၂၉)ရွာ၊ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၂၁)ရွာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခု ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၂၅)ရွာတို့တွင် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကျေးရွာပေါင်း(၁၂၀)ထိ ရှိပြီဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်