ကောလင်း ဇူလိုင် ၂၃
နိုင်ငံအဝှမ်းတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် တစ်ဆင့်ကူးစက်ခံရသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုများ မရှိစေရန်အတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ပြီး လူစည်ကားရာနေရာဖြစ်သော မြို့မစျေးအနီးတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကောလင်းခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအနေဖြင့် မြို့နေပြည်သူများ လက်ရှိအခြေအနေတွင် မိမိအိမ်တွင်း၌သာနေထိုင်ကြရေး၊ ဧည့်သည်များ လက်မခံကြဘဲ မိမိကိုယ်တိုင်လည်း အခြားသူများထံ မသွားရောက်ကြရေး၊ မဖြစ်မနေအပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာကြရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နေ့စဉ် ထုတ်ပြန်ကြေညာချက်များအတိုင်း စနစ်တကျ ပူးပေါင်းလိုက်နာဆောင်ရွက်ကြရေး နေ့စဉ် နှိုးဆော်ရေးမော်တော်ယာဉ်များဖြင့် မြို့နယ်၊ မြို့များနှင့် ကျေးရွာများအနှံ့ လှည့်လည်နှိုးဆော်အသိပေးမှု လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကောလင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၄)ဦး၊ သေဆုံးသူ(၄)ဦးနှင့် ယမန်နေ့ပိုးတွေ့ရှိသူ(၄၉)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ(၅၉)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြင့်ထွန်းမင်း