မြင်းမူမြို့နယ်တွင် သံပုရာသီးများ ပိုမိုထွက်ရှိသော်လည်း ဈေးကွက်မရှိ၍ စိုက်ပျိုးရောင်းချသူများ အဆင်မပြေ

မြင်းမူ ဩဂုတ် ၁၂

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဥယာဉ်ခြံစိုက်ပျိုးသူများအနက် မြန်မာသံပုရာသီးပင်စိုက်ပျိုး သူများအနေဖြင့် အသီးများ ပိုမိုထွက်ရှိသော်လည်း တင်ပို့ရောင်းချနိုင်ခြင်း မရှိသောကြောင့်  အမြတ်  နည်းပါးလျက်ရှိကြောင်းသိရှိရသည်။

ဒီနှစ်အနေနဲ့  သံပုရာသီးများ ပိုမိုထွက်ရှိခဲ့သော်လည်း  ယခင်နှစ်များကဲ့သို့ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချနိုင်ခြင်း မရှိကြောင်း၊ သံပုရာပင်(၁)ပင်လျှင် အလုံး(၅၀၀)ထိ အသီးရရှိပါ ကြောင်း၊ မိမိခြံတွင် အပင်(၆၀၀)ကျော်စိုက်ပျိုးထားရှိ၍ တစ်ပါတ်ခူးလျှင် အလုံးရေ (၃)သိန်းကျော် ရရှိ၍ ယခင်ကဲ့သို့ မူဆယ်ဘက်သို့ တင်ပို့ရောင်းချရာ သံပုရာသီး(၁)လုံးလျှင် (၃၅) ကျပ်နှင့် (၄၀) ကျပ်ထိရရှိ၍ အမြတ်ငွေပိုမိုရရှိကြောင်း၊ ယခုအခါ တင်ပို့ရောင်းချနိုင်ခြင်းမရှိသည့်အတွက် နီးစပ်ရာဈေးတွင် သံပုရာသီးတစ်လုံး (၁၀)ကျပ်နှင့်သာ ရောင်းချနေရကြောင်း၊   တစ်နှစ်လျှင်(၂)ကြိမ်ခူးရသည့်အတွက်  လာမည့် သံပုရာသီးပေါ်ချိန်အတွက် အခက်အခဲဖြစ်နိုင်ကြောင်း၊ မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာတွင် စီးပွားဖြစ်သံပုရာခြံစိုက်ပျိုးလုပ်ကိုင်နေသူ ဦးကျော်ဆန်းထံမှသိရှိရသည်။

မြန်မာသံပုရာသီးပင်များကို တစ်ပင်နှင့်တစ်ပင် (၁၅)ပ ေတန်းကြား စိုက်ပျိုးရပြီး စိုက်ပျိုးပြီး(၈)လ အကြာတွင် အသီးများကို စတင်ခူးယူကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)