ကဝမြို့၌ ကိုဗစ် -၁၉ကူးစက်ပျံ့ပွားမှု လျော့နည်းကျဆင်းရေးအတွက် မြို့အဝင်ဂိတ်များ၌ ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်

ကဝ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကဝမြို့၏ မြောက်ဘက် (ကဝ-ထုံးကြီး) ပဲခူးမြစ်ကူးတံတားအနီး မြို့အဝင်ဂိတ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် မြို့နယ်ပြင်ပထွက်ခွာသူများနှင့် မြို့တွင်းဝင် ရောက်လာသူများအား ကြပ်မက်စစ်ဆေးမှု တစ်ရပ်ကို ယမန် နေ့ နံနက်(၈:၀၀)နာရီမှ (၁၆: ၀၀) နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကဝမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးစည်သူအောင်က ကဝမြို့နယ် ပြင်ပထွက်ခွာသူများ၊ အခြားမြို့ရွာများမှ ကဝမြို့အတွင်း ဝင်ရောက်လာကြသူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ကျန်းမာရေး အခြေအနေ အရ မဖြစ်မနေ သွားရောက်ရမည့်ကိစ္စ၊ ကုန်စည်ဖြန့်ဖြူးမှုကိစ္စနှင့် တည်ဆောက်ရေးလုပ်ငန်း များ လုပ်ဆောင်ခြင်းမှလွဲ၍ အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ မိမိအိမ်၌သာ နေထိုင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။