မုံရွာ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က အမှာစကား ပြောကြား ရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါပိုး ကုးစက်မှု မြင့်မားလျက် ရှိပါကြောင်း မြို့နယ်များအနေဖြင့် အသိပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ ထပ်မံရရှိနိုင်ရေးအတွက် ကပစ(၂၄)ပေါက်မြို့၊ ထီးချိုင့်မြို့၊ နီကာယ်စက်ရုံနှင့် မြန်မာ့စီပွားရေးကော်ပိုရေးရှင်းတို့နှင့် ပေါင်းစပ်ညှိနိုင်းဆောင် ရွက်လျှက်ရှိပါကြောင်း၊ Stay at Home သက်မှတ် ထားသည့် မြို့နယ်များရှိ ပြည်သူများအနေဖြင့် နံနက်ခင်းပိုင်းတွင် စားသောက်ကုန်များ ဝယ်ယူပြီး နေ့လည်(၁၂)နာရီနောက်ပိုင်းတွင် နေအိမ်တွင်သာ နေထိုင်သွားကြရန် ပညာပေးရန် လိုအပ်ပါကြောင်း၊ မြို့နယ်များရှိ Quarantine Center များတွင် ကုတင်နှင့်စောင်ခြင်ထောင် လိုအပ်ချက် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် လိုအပ်သော ကျန်းမာရေး စောင့်ရှာက်မှုများအား နေ့စဉ် အနောက်မြောက် တိုင်းစစ်ဌာနချုပ် စစ်ဆေးရုံမှ တာဝန်ယူဆောင်ရွက်ပေး လျှက်ရှိပါကြောင်း၊ ပြည်သူ့ အားကစားကွင်းတွင် စစ်ဆေးပြီး ပိုးတွေ့လူနာများအား နေရာလိုအပ်မှုရှိပါက ဖူဆယ်အားကစားရုံတွင် ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ထပ်မံလိုအပ်ပါက အနောက်မြောက်တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော နေရာများသို့ ထားသွားမည်ပါကြောင်း “ ထည့်သွင်းပြောကြား ခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုရေးဆိုင်ရာ လုပ်ငန်းများနှင့် အောက်ဆီဂျင် လိုအပ်ချက်များ ဆောင်ရွက်ပေးသွားမည့် အစီအမံများနှင့် ပတ်သက်၍ ညှိနိုင်းဆွေးနွေးပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်နှင့် တာဝန်ရှိသူ များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အောက်ဆီဂျင် လိုအပ်ချက်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တို့က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။