ရသေ့တောင် ဇူလိုင် ၂၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ရည်ရွယ်ပြီး မြို့မပျံကျစျေးမှ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက် ပျံကျစျေးတန်းများကို ယနေ့မှစ၍ ရသေ့တောင် - ပုဏ္ဏားကျွန်းကာလမ်းမဘေးသို့ ယာယီပြောင်းရွှေ့ ရောင်း ချလျက်ရှိကြောင်း သိရသည်။ ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဘိုလန်ဒီယာ လူငယ်များပူးပေါင်း၍ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်ပျံကျ စျေးတန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ စျေးရောင်း၊ စျေးဝယ်ပြည်သူများမှ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှ စျေးရောင်း၊စျေးဝယ်ပြုလုပ်စေခြင်း၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေ အကွာရောင်းချစေခြင်းများကို စျေးအတွင်းလိုက်လံနှိုးဆော်ခဲ့ကြပြီး နှခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည် (Hand Gel)များထားရှိပေးခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ကျနော်တို့အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့မေစျးကြီးအတွင်း ရောင်းချနေတဲ့ စားသောက်ကုန်စုံဆိုင်များမှ အပ အသား၊ငါးနှင့် ဟင်းသီးဟင်းရွက် စျေးတန်းများကို ယခုလို ယာယီနေရာ ပြောင်းရွှေ့ရခြင်းဖြစ်ပြီး မြိုမစျေးကြီးအတွင် ကုန်စုံဆိုင် များကိုလည်း နံနက် ၆ နာရီမှ နေ့လယ် ၁၂နာရီ ထိသာရောင်းချခွင့် ပေးထား တာဖြစ်တယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိန်ထွန်းအောင် ထံမှ သိရသည်။ ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအား ပြည်သူများမှ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အောင်စံထွန်း