သထုံခရိုင်ဆေးရုံ၀င်းအတွင်း၌ Oxygen Plant စက်ရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

သထုံ ဇူလိုင် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အရေးပေါ် အောက်ဆီဂျင် ရရှိရေးအထောက်အက ူပြုနိုင်ရေးအတွက် သထုံခရိုင်ပြည်သူ့ဆေးရုံ၀င်းရှိ Isolation Ward အရှေ့မြေနေရာအလွတ်တွင် Oxygen Plant စက်ရုံတည်ဆောက်လျှက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရကြာင်း သိရသည်။ အောက်ဆီဂျင်စက်ရုံ လုပ်ငန်းဆောင်ရွက်နေမှုအား သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူတို့က ကြည့်ရှုရာ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သင်းသင်းအိက စက်တပ်ဆင်မည့် အခြေအနေ၊ လျှပ်စစ်မီးနှင့် ပိုက်လိုင်းများ သွယ်တန်းမည့်အခြေအနေ စသည့်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။ အဆိုပါ အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် PSA Type Oxygen Plant ဖြစ်ပြီး စက်တန်ဖိုးမှာ ငွေကျပ် သိန်းပေါင်း ၁၄၀၀ ဖြင့် မော်လမြိုင်မြို့နေ အလှူရှင်တစ်ဦးမှ လှူဒါန်းခြင်းဖြစ်ပြီး စက်ရုံအဆောက်အဦနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း၊ ပိုက်လိုက်များ သွယ်တန်းခြင်း အပါအဝင် အခြားလိုအပ်သည်တို့ကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် အများပြည်သူထည့်ဝင် လှူဒါန်းငွေ တို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ စက်၏ အောက်ဆီဂျင် ထွက်ရှိမှု ပမာဏမှာ တစ်နာရီလျှင် ၄၀ လီတာဝင်အိုး ၃ အိုးခန့်နှင့် ၂၄ နာရီစက်စွမ်းအားပြည့် လည်ပတ်ပါက ၄၀ လီတာဝင်အိုး ၆၀ အိုး ရရှိမည်ဖြစ်သည်။ စက်ရုံမှ Isolation Ward လူနာများထားရှိသည့်ကုတင်ခေါင်းရင်းအထိ ပိုက်ဖြင့်သွယ်တန်း ပေးသည့်စနစ်ဖြစ်ပြီး လက်ရှိ စက်ရုံတည်ဆောက်ခြင်းမှာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ ပိုက်လိုင်းများ သွယ်တန်းခြင်းပြီးစီးပါက မကြာမီရက်ပိုင်းအတွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ကိုကိုဦး(ပြန်/ဆက်)