မန္တလေးမြို့ပေါ်ရှိ မဲစာရင်းကပ်ထားသောနေရာများသို့ လိုက်လံကြည့်ရှု

မန္တလေး ဩဂုတ် ၁၂

မန္တလေးမြို့ပေါ်ရှိ မြို့နယ်များတွင် မဲစာရင်းကပ်ထားသောနေရာများသို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ လိုက်လံကြည့်ရှုခဲ့သည်။

“ဒီနေ့ကတော့ မန္တလေးမြို့ပေါ် ၅ မြို့နယ်မှာ ကပ်ထားတဲ့ မဲစာရင်းတွေအခြေအနေနဲ့ ရပ်ကျေးဥက္ကဋ္ဌတွေရဲ့ ဆောင်ရွက်ချက်မှု အခြေအနေလေးတွေကို လိုက်ပြီးတော့ ပေါင်းစပ်စီမံဆောင်ရွက်ပေးတဲ့ သဘောပါဘဲ။ ရပ်ကျေးတွေမှာ ပုံစံ ၃ နဲ့ တောင်းဆိုသူ ပုံစံ ၄ နဲ့ ကန့်ကွက်သူ ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်သူများအပေါ်မှာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေလေးတွေကို ဘာတွေကူညီ ရမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတာပါ။ အုပ်ချုပ်ရေးမှူးတွေနဲ့ လာရောက်တွေ့ဆုံတဲ့အတွက်ကြောင့် သူတို့ကို ရပ်ကွက်ကျေးရွာ အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအထိ လှုံဆော်ပေးပြီး များများကြည့်၊ များများပြင်၊ များများမှန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဘဲ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်တာ ဖြစ်ပါတယ်။"ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရှိန်က ပြောသည်။

ဩဂုတ်လ ၉ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ဆယ်သိန်းခုနစ်သောင်းနှစ်ထောင်သုံးရာခုနစ်ဆယ့်ငါးဦးရှိပြီး ပုံစံ(၃)ဖြင့် လျှောက်ထားသူ ခုနစ်သောင်း တစ်ထောင်ခြောက်ရာ ခုနစ်ဆယ်နှစ်ဦးရှိရာ ပုံစံ ၄ ဖြင့် ကန့်ကွက်သူ တစ်သောင်းရှစ်ထောင် ခုနစ်ရာ လေးဆယ့်ကိုးဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ထိပ်ထားနိုင်