ငဖဲ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လိုက်နာနေထိုင်ကြစေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်း က ချောင်းဖြူကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များ၊ ပေကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် မင်းလွင်ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့အသံချဲ့စက်ဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ရာတွင် နိုင်ငံတစ်ဝန်းတွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ပြည်သူအများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ဆိုင်ရာ စည်းကမ်းချက်များကို တိတိကျကျလိုက်နာရန်၊ ပြည်သူအများ မိမိအိမ်တွင်းမှာသာ နေထိုင်ရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်သွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောရန်၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ပေအကွာ နေထိုင်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများ ရှောင်ကြဉ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို အိမ်အပြင်တွင်စွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန် စသည့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို လိုက်လံသတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မယု (ငဖဲ)