ကောလင်း သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊အိုင်ကြီးအုပ်စု၊ မကျည်းပင်စုကျေးရွာ၊ဓမ္မာရုံ၌ ယမန်နေ့ ညနေ ၂နာရီအချိန်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ကျင်းပပြုလုပ်ရာ ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်း(VRFP)ရန်ပုံငွေများကို စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ စီမံကိန်း(VRFP)ရန်ပုံငွေ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ချေးငွေလာရောက် ထုတ်ယူကြ သော ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ် စေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း (Mask) နှာခေါင်းစည်း တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေအကွာ တန်းစီစနစ်ဖြင့် ချေးငွေများကို စနစ်တကျ ထုတ်ယူစေခဲ့သည်။
မကျည်းပင်စုကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၅၅ ဦးအတွက် ငွေကျပ် ၁၉၁ သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၂၂ ဦးအတွက် ငွေကျပ် ၇၀ သိန်း၊ အရောင်းအဝယ် လုပ်ငန်း ဆောင်ရွက်လုပ်ကိုင်သူ ၈ ဦးအတွက် ငွေကျပ် ၃၇ သိန်း စုစုပေါင်းအသင်းဝင် ၈၅ ဦးအတွက် ငွေကျပ် ၂၉၈ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း (ကောလင်း)