မကွေး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်းအဖြစ် ကူးစက်မှုများရှိနေပြီး ကူးစက် မှုနှုန်းမြင့်မားလျက်ရှိကာ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ် (၃၃၂)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာပေါင်း (၅၆၃၅)ဦး အထိရှိလာကြောင်း ယမန်နေ့ ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုက မြင့်မား နေဆဲပါ၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ ထွက်တဲ့အခါမှာလည်း Mask ကို စနစ်တကျ တတ်ဆင်ပြီးမှ သွားလာကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီကနေ့ တိုင်းဒေသကြီးအတွင်းမှာ ကိုစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာသစ်(၃၃၂)ဦး ထပ်မံကူးစက်ခံရတာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည်ပြု လူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ Quarantine Centre များမှ စောင့်ကြည့်လူနာတွေကို သက်ဆိုင်ရာ ကျန်းမာရေးစင်တာများမှာ(RDT) Test Kit နဲ့ စစ်ဆေး ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်၊ တွေ့ရှိခဲ့တဲ့ လူနာတွေက သရက်နဲ့ အောင်လံက(၆၅)ဦးစီ၊ နတ်မောက်က (၃၄)ဦး၊ မကွေးက (၃၀)ဦး၊ မြိုင်က(၂၂)ဦး၊ မင်းတုန်းက(၂၀)ဦး၊ မြို့သစ်က(၁၉)ဦး၊ ပခုက္ကူက(၁၆)ဦး၊ ဂန့်ဂေါက(၁၅)ဦး၊ တောင်တွင်းကြီးက (၁၄)ဦး၊ ကံမက(၁၀)ဦး၊ ထီးလင်းနဲ့ ဆောက (၈)ဦးစီ၊ ရေနံချောင်းက(၆)ဦးတို့ ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိ ခဲ့တဲ့(၂၇-၅-၂၀၂၁) ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်းက (၅၆၃၇)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ Quarantine Center များအဖြစ် မကွေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ တိုင်းဒေသကြီး ဖူဆယ် အားကစားရုံ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့တွင် ပိုးတွေ့သူများနှင့် သံသယလူနာ များ ထားရှိကာ ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး အရေးကြီးလူနာများအား မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ်ဆောင် တွင် စနစ်တကျ ကုသဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အရေးပေါ် ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် Call Center များ ဖွင့်လှစ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာပေါင်း (၅၆၃၇)ဦးရှိပြီး၊ ကျန်းမာ ရေးပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူ (၁၁၁၀)ဦး၊ သေဆုံးသူက(၉၀)ဦးရှိခဲ့ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ အသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၄၄၃၇) ဦးရှိ ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။
မောင်ညီညာ