ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၄)ဦး ထပ်မံ တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအနက် (၁၅)ဦး ဆေးရုံ ဆင်းခွင့်ရ

မောင်တော ဇူလိုင် ၂၀
 
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူ များ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ဇူလိုင် ၁၉ ရက်နေ့တွင် (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူ များအနက်မှ (၄) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
 
အဆိုပါ ပိုးတွေ့လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံ နှင့် ယာယီဆေးရုံ ငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး ဇူလိုင် ၁၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအနက် (၁၅)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
 
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၃၆၄)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများအနက် (၂၉၆)ဦးမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ (၆)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ(၆၂)ဦး ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
 
သက်လွင်စိုး