မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းအတွက် လိုအပ်သည့် အောက်စီဂျင် ထုတ်လုပ်နေမှုသွားရောက်ကြည့်ရှု

မော်လမြိုင် ဇူလိုင် ၂၀

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ အောက်စီဂျင်လိုအပ်သည့် ပိုးတွေ့လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အောက်စီဂျင် ထုတ်လုပ်နေသော နေရာများဖြစ်သည့် သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ အောက်စီဂျင်ထုတ်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ရာ သံဖြူဇရပ်မြို့နယ် တပ်နယ်မှူးက လက်ရှိတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအတွက် လိုအပ်သည့် အောက်စီဂျင် ထုတ်လုပ်နေမှုအခြေအနေကိုရှင်းလင်းပြောကြားပြီး ထပ်မံအောက်စီဂျင်အရည်ထုတ်လုပ်မည့်စက်ရုံ မြေနေရာအား ကြည့်ရှုခဲ့သည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မုဒုံမြို့နယ်တွင် အောက်စီဂျင် အရည် ထုတ်လုပ်မည့် စက်ရုံမြေနေရာအား ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေများလှူဒါန်းခဲ့သည်။ မွန်ပြည်နယ်တွင်အောက်စီဂျင်လိုအပ်သည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အောက်စီဂျင်များ လုံလောက်မှုရှိရေး၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ယခုအခါ သံဖြူဇရပ်မြို့နယ်တွင် တစ်နေ့လျှင် တစ်မိနစ်ကို ၂၅၀ လီတာဖြင့် ထုတ်လုပ်နိုင်ရန်အတွက်လည်းကောင်း၊ မုဒုံမြို့နယ်တွင်လည်းလိုအပ် သည့် အောက်စီဂျင်အရည် အလုံအလောက်ထုတ်ပေးနိုင်သည့် စက်ရုံကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)