စစ်တွေ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုနှုန်းသည် တဖြည်းဖြည်းနှင့် တိုးတက်များပြားလာသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်သည် တခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များ နှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်းနည်းကြောင်း၊ ထိုကဲ့သို့ ဖြစ်မလာ အောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် ယခုကဲ့သို့ လူမှုရေးအသင်း အဖွဲ့များနှင့်တွေ့ဆုံကာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မိမိတို့ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကျန်းမာရေးဝန်ထမ်းများကလည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အတူ ပရဟိတအဖွဲ့ အစည်းများဖြစ်သော လူမှုရေး အသင်းအဖွဲ့များကလည်း ကြိုးစားလုပ်ဆောင်နေသည်ကို ကြားသိရပါ ကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုလျှင် ယခုထက် ပိုမိုထိရောက် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါသည် ဒုတိယလှိုင်း ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းနှင့် တတိယလှိုင်းဖြစ်ပွားမှုနှုန်း သေဆုံးမှုနှုန်း နှိုင်းယှဉ်လျှင် တတိလှိုင်းတွင် ဖြစ်ပွားမှုနည်းသော်လည်း သေဆုံးမှုနှုန်း များပြားနေသည်ကို တွေ့နေရပါ ကြောင်း၊ ထို့ကြောင့် သေဆုံးမှုနှုနန်းကို လျော့ချနိုင်ရန် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင် လိုအပ်ချက်အတွက်လည်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က နေ့မနား ညမနား ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ အောက်ဆီဂျင် သည် အလုံအလောက်ထိ ရှိနေပြီဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ကြိုးစားဆောင်ရွက် နေသော်လည်း ပြည်သူလူထု ပူးပေါင်းပါဝင်မှုနည်းနေလျှင် ထင်သလောက် အကျိုးရှိနိုင်မည်မဟုတ်ပါကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်လာအောင် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုလျှင် ပိုပြီးအောင်မြင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု အစည်းအဝေးတွင် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲများ မည်သို့ရှိကြသည် မည်ကဲ့သို့ လုပ်ဆောင်လျှင် အောင်မြင်မည်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့ဘက်ကလည်း တတ်နိုင် သလောက်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ကြောင်း ပြောကြားသည်။ ထို့နောက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နေမှု၊ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ကြိုးစားဆောင်ရွက်နေမှု နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ တပ်မတော်တို့မှ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီဖြည့်ဆည်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ယခင်ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားခဲ့ချိန်က လုပ်ဆောင်ခဲ့ သည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းတင်ပြကြပြီး သိရှိလိုသည် များကို မေးမြန်း ဆွေးနွေးကြသည်။
တင်ပြဆွေးနွေးမေးမြန်းချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်၊ ဒုတိယပြည်နယ် ကုသရေးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားကြသည်။
ယင်းနောက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကိုဗစ်-၁၉ ရောဂါကုသ ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ကြက်ဥများအားလည်းကောင်း၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက လူမှုရေးအဖွဲ့အစည်းများအတွက် ကြပ်ဥများကို ထောက်ပံ့ပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း