ပုသိမ် ဇူလိုင် ၂၀
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေ (၄)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်၊ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အောက်စီဂျင်ထုတ်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်မှုများရှိနေသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် တစ်နေ့လျှင် အောက်စီဂျင် (၈၀၀)လီတာ ထွက်ရှိပြီး ကိုဗစ်-၁၉ လူနာခန်းအတွက် ပိုက်လိုင်းများမှတစ်ဆင့် အောက်စီဂျင်ပေးနိုင်သည့် စက်တစ်လုံး တပ်ဆင်ပြီးစီးပြီဖြစ်၍ ကုသဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် တစ်နေ့လျှင် အောက်စီဂျင်(၂၄၀၀)လီတာ ထွက်ရှိမည့် စက်တစ်လုံး ထပ်မံ တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြခဲ့ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်