ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောတွင် အသိပညာပေးနှိုးဆော်

ဆော ဇူလိုင် ၁၉
 
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုများမရှိစေရန်အတွက် ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ပါ၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊လက်ကိုအနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြော ပါ၊ အခြားသူများ နှင့်(၆)ပေအကွာ ခပ်ခွာခွာနေပါ၊လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊လူစုလူဝေး လုံးဝ ရှောင်ပါ၊ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ စျေးဝယ်ပါ၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများ သယ်ဆောင် လာခြင်းမရှိစေရန် သတိပြုပါ၊အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်း(mask)နှင့် တစ်ခါသုံးပစည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ပါ၊အဝတ်အစားမလဲမီ/ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား ငွေကြေးပစ္စည်း ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်း ပံ့ပိုးပေးကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များကို တိကျစွာအလေးထား၍ လိုက်နာဆောင်ရွက်ကြပါရန် မြို့ပေါ်ရပ်ကွက်များ၌ လိုက်လံအသိ ပေးနှိုး ဆော်ခဲ့ကြသည်။
ထို့ပြင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့ဝင်တံတားထိပ် စည်ပင်သာယာရေး အဖွဲ့ရုံးအနီး၌ Mask Campaign ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇော်ကြီး(ဆော)