ကျိန္တလီ ဇူလိုင် ၁၉
ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းက ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်း ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ အားလုံးပူးပေါင်း ကာကွယ်ရန် လိုအပ်ကြောင်း၊ ယခင်ရက်အနည်းငယ်ခန့်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအား ဂွမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ရကြောင်း၊ ယခုအခါ ဂွမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်လူနာများပြားလာပြီးဖြစ်တဲ့အတွက် ကျိန္တလီမြို့ပြည်သူ့ဆေးရုံတွင် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက် လူနာများထပ်မံတွေ့ရှိလာပါက ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ပြည်သူ့ဆေးရုံရှိ အခန်းများအား ကြိုတင်ပြင်ဆင်မှုများပြုလုပ်သွားရန် လိုအပ်သည့် အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ခင်ထွေးက ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ဝန်ထမ်းအင်အားနည်းပါသည့်အတွက် ကျေးလက်ဆေးပေးခန်းများမှ ကျန်းမာရေး ဝန်ထမ်းများကို အကူအညီ တောင်းခံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်းထမ်းများရောက်ရှိလာပါ ထားရှိရန် အဆောင် များ လိုအပ်ကြောင်း၊ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများအား ဆေးရုံဟောင်းတွင် ၂၀ဦးခန့် ထားရှိ၍ရသော်လည်း ကုတင်၊ အိမ်သာနှင့်ရေချိုးခန်းများလိုအပ်ကြောင်း ၊ ဆေးရုံတွင် Oxygen ၄၀လီတာဆန့် သုံးလုံးသာရှိကြောင်း လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါအရေးပေါ်တုန့်ပြန်ရေးကော်မတီများ အဖွဲ့အစည်းများ ကဆွေးနွေးတင်ပြခဲ့ရာ မြို့စီမံ အုပ်ချုပ် ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းက ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။