ဝန်းသိုမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ရေရရှိရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဝန်းသို ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်၊ မွမ်းမံဘတ်ဂျက်တို့ဖြင့် ကျေးရွာပေါင်း (၇)ရွာတွင် ရေရရှိရေး လုပ်ငန်း စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ အချိန်မီ ပြီးစီးအောင်မြင်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် သိန်းသန်းရတီကုမ္ပဏီမှ ခွင့်ပြုငွေကျပ်(၁၀.၃၈)သန်းဖြင့်  တာဝန်ယူဆောင်ရွက် လျက်ရှိသော ချမ်းမြသီတာကျေးရွာ စက်ရေတွင်းတူးဖော်ပြီးစီးခြင်း လုပ်ငန်း၊ တွင်းဆေးခြင်း၊ ရေထွက်နှုန်းစမ်းသပ်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြပြီး ရေစက်ရုံ တည်ဆောက်ရန်အတွက် ကျေးရွာရေကော်မတီနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။

ဝန်းသိုမြို့နယ်အတွင်း ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေသည့် ‌ကျေးရွာ(၇)ရွာအနက် ဒုန်းဒုတ်ကျေးရွာ၊ အင်းပုဒ်ကုန်းကျေးရွာနှင့် ခပ်ချိုကျေးရွာတို့တွင် လုပ်ငန်းအားလုံး (၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျူတော‌ ကျေးရွာ၊ နောင်ကွင်းကျေးရွာ၊ ချမ်းမြသီတာ ကျေးရွာတို့တွင် စက်ရေတွင်းတူးဖော် ပြီးစီး၍ ဆက်စပ်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိသည့် မြိုင်ဇေယျာကျေး ရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း အောင်မြင်မှုမရှိသဖြင့် ရေရရှိရေးလုပ်ငန်းပြောင်းလဲ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင်