မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ အရန်ကုသရေးစင်တာသစ် ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး

မော်လိုက် ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှု မြင့်မားလာသဖြင့် အရန်ကုသရေးစင်တာအသစ်များ ဖွင့်လှစ်ကာ ကုသပေးနိုင်ရေးအတွက် ခရိုင်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ အရန်ကုသရေးစင်တာသစ် ဖွင့်လှစ်၍ ပိုးတွေ့လူနာများအား ထားရှိကုသပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုတို့အား ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သီဟဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြရာ ပိုးတွေ့လူနာများ နေထိုင်နိုင်ရေးနှင့် ချိုးရေကန်များ၊ အိမ်သာများ စီစဉ်ဆောင်ရွက် ပေးထားမှုများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ထားရှိမည့်နေရာ စီစဉ်ထားရှိမှုတို့အား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ယင်းကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပိုးတွေ့လူနာ (၃၅)ဦးတို့အား ထားရှိကုသပေးသွားမည် ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်မတော်ဆေးတပ်ဖွဲ့မှ ဆရာဝန်များနှင့် သူနာပြုများက စောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် ဇူလိုင်လ ၁၇ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၅၁)ဦးရှိပြီး ရောဂါသက်သာ၍ (၁၀၄)ဦးတို့အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီဖြစ်ကြောင်း၊ သေဆုံးမှုအနေဖြင့် ယနေ့အချိန်ထိ ကိုဗစ်အတည်ပြုလူနာ(၇)ဦးနှင့် သံသယလူနာ(၃)ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မော်လိုက်သားလေး