ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အတွင်းရေးမှူးတို့ သံတွဲခရိုင်သို့ရောက်ရှိ၊  အလှူငွေနှင့်စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်လှူဒါန်း

သံတွဲ   ဇူလိုင်   ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့သို့ရောက်ရှိနေသော ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်း၊ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းဦးနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်တို့သည် ဇူလိုင် ၁၇ ရက်နေ့တွင် ဂွမြို့၊ ပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉   ပိုးတွေ့လူနာများထားရှိမည့် အဆောင်နေရာများပြင်ဆင်ထားရှိမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဆရာဝန်ကြီးနှင့် သူနာပြုများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် ကူညီဆောင်ရွက်ပေးနေသော  ပရဟိတအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် နံနက်(၁၁)နာရီအချိန်တွင် ဂွမြို့မှသံတွဲမြို့သို့ ရောက်ရှိခဲ့ပြီး သံတွဲခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ခရိုင်ဆရာဝန်ကြီးနှင့်ဆရာဝန် ၊ သူနာပြုများ၊ ပရဟိတအဖွဲ့များအတွက် ထောက်ပံ့ ငွေကျပ်(၅)သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် သိမ်ကုန်းဆရာတော်၏ ဦးဆောင်မှုဖြင့် အလှူရှင်များစုပေါင်းလှူဒါန်းသော အောက်စီဂျင်စက်ရုံ တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စက်ရုံတည်ဆောက်ရာ၌အသုံးပြုရန်အတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းသော ငွေကျပ်သိန်း(၁၀၀)အား အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့က ပေးအပ်လှူဒါန်းခဲ့ရာ  သိမ်ကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒနှင့် ဒါယကာများမှ လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အတွင်းရေးမှူး တို့သည် သူဌေး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုကြောင့် ပြောင်းရွှေ့ရသော ပုရစ်နှင့် ရေကောက် ကျေးရွာများသို့ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အတွင်းရေးမှူးတို့က အမှာစကားများ ပြောကြားပြီးနောက် ကျေးရွာနေပြည်သူများအတွက် မိုးတွင်းကာလ စားသုံးရန် ဆန် ၊ ဆီ နှင့် ရိက္ခာ အမယ် (၃)လစာ တို့ကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့မှ လက်ခံရယူပြီးနောက် ကျေးရွာတာဝန်ခံဦးထွန်းထွန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အတွင်းရေးမှူးတို့သည် ကျေးရွာရှိ ပြည်သူ များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ မြေထိန်းနံရံတည်ဆောက်မည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေအိမ်များ တည်ဆောက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နေမျိုးအောင်၊ ညီနိုင်းထက်